သတိနှင့်နေတဲ့အကျင့် များလာတဲ့အခါ



သမထက စိတ်ကို တခြားအာရုံ မရောက်အောင် အတင်းချုပ်ထားတာ၊ ဖမ်းထားတာ၊ ထိန်းထားတာ၊ ထွက်မလာအောင် အပေါ်ကနေ ဖုံးထားတယ်။ ဖိထားတယ်။ ၀ိပဿနာက ဖုံးထား ဖိထားတာ မဟုတ်ဘူး။ ၀ိပဿနာဘာဝနာက စိတ်မှာဖြစ်တဲ့ ကိလေသာရဲ့ သဘာဝကို နက်နက်နဲနဲ သိသွားပြီးတော့ အသိဉာဏ်နဲ့ ပယ်လိုက်တာ။ အတွင်းကနေ သူ့ရဲ့အကြောင်းရင်းကို သိလိုက်သလိုပဲ။ ကိလေသာကို အရင်းအမြစ်ကနေပြီးတော့ တစ်ခါတည်း ပယ်နိုင်အောင် အားထုတ်တဲ့ ဘာဝနာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ နက်နဲတယ်။ ဉာဏ်အများကြီး ပါပါတယ်။

စိတ်ထဲမှာ လောဘဖြစ်တယ်ဆိုပါတော့၊ အဲဒီလောဘကို ဖိဖို့ ဖုံးထားဖို့ မကြိုးစားပဲနဲ့ အဲဒီလောဘရဲ့ သဘာဝကို စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် သေသေချာချာ ကြည့်တာပဲ။ သေသေချာချာ ကြည့်ပါများရင် လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မူရှိတဲ့အခါ လောဘဖြစ်တယ်ဆိုတာကို ကိုယ်တိုင် မြင်ရတယ်၊ ကိုယ်တိုင် သိရတယ်။

အဲသလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့ မြင်ရတယ်။ ငါ့စိတ်လည်း မဟုတ်တော့ဘူး၊ စိတ်နဲ့အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဖျတ်ခနဲပေါ်လာတဲ့ စိတ်ကလေးတစ်ခုပဲ။ တော်တော် အံ့သြဖို့ကောင်းတယ်။ ငါ့စိတ်မဟုတ်တော့ဘူး။ ဆိုရင်ကိုပဲ အနတ္တသဘော ဖြစ်သွားပြီ။ အနတ္တဉာဏ်နဲ့ မြင်နိုင်မှသာ အမြင်မှန်တစ်ခုကို ရပြီလို့ ပြောလို့ရတယ်။

လောဘကို ချက်ချင်းမပယ်နိုင်သေးဘူးနော်။ ဒီလိုနည်းနဲ့ တရားကို အားထုတ်သွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ လောဘဖြစ်တဲ့အခါ သိတယ်၊ ဒေါသဖြစ်တဲ့အခါ သိတယ်၊ မာနဖြစ်တဲ့အခါ သိတယ်၊ ဣဿာမစ္ဆရိယဖြစ်တဲ့အခါ သိတယ်။ ဒီလို သိရင်းသိရင်းနဲ့ ဒီလိုသိတဲ့ အသိဉာဏ်ဟာ ကြာလေကြီးလေ ဖြစ်လာတယ်။ လောဘ ဒေါသ မာနတွေကတော့ ချက်ချင်းမပျောက်သေးဘူး။ ဒါပေမဲ့ သူတို့ကိုသိတဲ့ အသိဉာဏ်က ကြီးလာတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတရားမှာ ပယ်ဖို့ထက် သိဖို့က ပိုအရေးကြီးတယ် လို့ပြောတာပါ။ အသိဉာဏ် ကြီးလာမှ အဲဒီအသိဉာဏ်က သူ့ဟာသူ ပယ်သင့်တဲ့ ကိလေသာကို ပယ်တာပဲ၊ ငါက ပယ်လိုက်တာ မဟုတ်ဘူး။ ဒါကြောင့် အတ္တနဲ့ပယ်လို့ မရဘူး၊ အနတ္တနဲ့မှပဲ ပယ်လို့ရတယ်။

အကြည့်ခံဖြစ်တဲ့ အာရုံကလည်း အနတ္တပဲ။ ကြည့်နေတဲ့ စိတ်ကလည်း အနတ္တပဲ။ နှစ်ခုစလုံး အနတ္တ ဖြစ်သွားတယ်။ အဲသလို ဖြစ်သွားရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်သွားတယ်။

အားလုံးဟာ အနတ္တပါလားလို့ တကယ်မြင်ရင် ဘာရှေ့ဆက်စရာရှိသေးလဲ။ ဘာမှ ဆက်စရာ မရှိတော့ဘူး။ အဲဒီမှာ လမ်းဆုံးသွားပြီ။ အားလုံးကိုသာ အနတ္တလို့မြင်ရင်၊ အားလုံးကိုသာ အနိစ္စလို့မြင်ရင် ရှေ့ဆက်စရာ ဘာမှမရှိတော့ဘူး။ ဇာတ်လမ်းက အင်မတန်တိုတယ်။ ဇာတ်လမ်းတွေ ရှည်နေကြတာ အတ္တကြောင့်ပါ။

ခံစားချက်တစ်ခု၊ ဥပမာ-လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ မနာလိုဝန်တိုစိတ်ဖြစ်ဖြစ်၊ ကြောက်စိတ်ဖြစ်ဖြစ်၊ အားငယ်စိတ်ဖြစ်ဖြစ် အဖြစ်များလို့ရှိရင် အဲဒီခံစားချက်က စိတ်ထဲမှာ နေရာအပြည့် ယူထားလိုက်တယ်။ နေရာမဖယ်တော့ဘူး။ တွေ့သမျှ အတွေးတွေဟာ အဲဒီနား ပတ်ဝန်းကျင်မှာပဲ တွေးတော့တာပဲ။ ခံစားမူတစ်ခုထဲမှာ ချောင်ပိတ်မိနေတာဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိကြပါတယ်။

သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်လာတဲ့အခါမှာ ပစ္စုပ္ပန် တကယ်တည့်သွားတဲ့အချိန်မှာ အဲဒီ ချောင်ပိတ်မိနေတဲ့စိတ်ဟာ မရှိတော့ဘူး။ ပစ္စုပ္ပန် တကယ်တည့်ပြီဆိုရင် ငါ ဆိုတာတောင် ပျောက်သလို ဖြစ်သွားတယ်။ သိတာပဲ ရှိတော့တယ်။ အဲဒီလို ငါဆိုတာပါ ပျောက်ပြီးတော့ သိတဲ့ သဘောသက်သက် ဖြစ်လာတဲ့အချိန်မှာ စိတ်က တည်ငြိမ်ပြီးတော့ အေးချမ်းနေတယ်။ လွတ်လပ်နေတယ်။ အဲဒီအချိန်မှာ အတိတ်မရှိဘူး။ အနာဂတ်မရှိဘူး။ ငါမရှိတော့တဲ့ သတိသမာဓိမျိုး ကြုံဖူးရင် ထွက်လမ်းကိုသိပြီး ချောင်ပိတ်မိရင် ခဏပဲ။ ဒီနည်းကို မသိရင် ကိုယ့်အတွေးက ကိုယ့်ကို နှိပ်စက်တာကို ကောင်းကောင်း ခံရမယ်။

သိနေလို့ရှိရင် လုံးဝ အတွေးအတော မရှိတော့တဲ့အခါမှာ ဒီလိုသိရတဲ့အာရုံကို ငါလို့ မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့ ထင်တာ။ ငါ၊ လက်၊ ပူ၊ သုံးခုကို တွဲထားတာ။ နောင်သတိ အင်မတန်ကောင်းလာတဲ့အခါမှာ လုံးဝ အတွေးအတောမရှိ၊ ပစ္စုပ္ပန် တကယ်တည့်တဲ့ အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး၊ ပူတာပဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ် ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ ပူတယ်ဆိုတဲ့ သဘာဝတစ်ခုကိုပဲ သိနေရတော့တာ။

အဲသလို ငါလည်းမဟုတ်၊ လက်လည်း မဟုတ်ဘဲ ပူတာကို သိတဲ့အချိန်မှာ ပရမတ်ကို သိတယ်။ ပညတ်မပါတော့ဘူး။ ငါပူတာ မဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာပဲ။ ရုပ်အပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမူဟာ ပျောက်သွားပြီ။

အဲဒီလို ပစ္စုပ္ပန် တကယ်တည့်တဲ့အချိန်၊ ပညတ်မပါဘဲနဲ့ ပရမတ်ကို တကယ်သိတဲ့အချိန်မှာ အမှန်ကို သိတာပဲ။ အမြဲတမ်း ငါဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေး ရှိတယ်၊ သိရတဲ့အာရုံ ရှိတယ်။ ကျန်တာ ဘာမှမရှိတော့ဘူး။ အဲဒီလို အသိအမြင်ဟာ အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အသိဉာဏ်ဟာ အင်မတန် နက်နဲတယ်။ အာရုံက ရိုးတယ်၊ သိတာလည်းပဲ ရိုးရိုးလေးပဲ သိတယ်၊ သို့သော်လည်း ဖြစ်ပေါ်လာတဲ့ အသိဉာဏ်က အင်မတန် ကြီးကျယ်တယ်။

အဲသလို ရိုးရိုးနဲ့ နက်နက်နဲနဲသိအောင် တရားအားထုတ်ရတာပဲ။ ဆန်းဆန်းပြားပြားသိဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်တဲ့သဘာဝကို အမှန်အတိုင်း သိဖို့ပဲ ကြည့်နေတာ။

အဲဒီလို ဘယ်အရာကို ကြည့်ကြည့် သဘာဝအဖြစ်နဲ့ပဲ မြင်တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ် မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ကွဲကွဲပြားပြား ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီး။

အတွေးအခေါ်တွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲတွေ ဖတ်ရူနေဦးတော့ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုး ရဖို့ရာ မလွယ်ဘူး။

အဲဒီဉာဏ်မျိုးရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင် အထင်မှားမူတွေဟာ ပျောက်ကုန်တယ်။ သူ့ရဲ့ စိတ်နေစိတ်ထားပါ တစ်ခါတည်း ပြောင်းလဲသွားဒတယ်။ အသိဉာဏ်ပါ ပြောင်းသွားတယ်။ စိနေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင် အဲဒီလိုဉာဏ်မျိုး ဖြစ်လာမယ်။ အဲဒီအနတ္တဉာဏ်က စိတ်ကို အင်မတန် ချမ်းသာစေတယ်။ ပစ္စုပ္ပန်မှာ တည့်တည့်နေတဲ့အကျင့်က အမြတ်ဆုံး အကျင့်ပဲ။ အမြတ်ဆုံးဘ၀ပဲ။

ကြံစည်တွေးတောပြီးမှ သိလို့ရတဲ့ အာရုံဟာ ပစ္စုပ္ပန်တည့်တည့် အာရုံ မဟုတ်ဘူး။ ပရမတ်လည်း မဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့ အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။ တွေးနေတာမဟုတ်ဘဲနဲ့ စိတ်နဲ့ တကယ်ထိပြီးတော့ သိနေတဲ့ အချိန်မှာ ပရမတ် တည့်နေတာပဲ။

စိတ်ဟာ ပစ္စုပန်မှာ အနေများလာတဲ့အခါ ဘ၀ရဲ့ Quality ဟာ အင်မတန် မြင့်မားလာတယ်။ စိတ်ရဲ့ (Quality) အရည်အသွေးတွေဟာ မြင့်မားလာတယ်။ စိတ်ထဲမှာ ဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊ ပျံ့လွင့်မူတွေ၊ စိတ်ဆင်းရဲမူတွေ တဖြည်းဖြည်း ရှင်းသွားတယ်။ သူတို့ ရှင်းသွားရင် စိတ်ရဲ့ အရည်အသွေး ဘယ့်နှယ့်နေမလဲ။ မြင့်လာတယ်။ အေးချမ်းတည်ငြိမ်မူ၊ သန့်ရှင်းမူ ရှိလာတယ်။

စိတ်ချမ်းသာအောင် နေတယ်ဆိုတာဟာ လူ့သဘာဝတစ်ခု ဖြစ်ပါတယ်။ ခဏ, ခဏ ဘုန်းကြီးပြောလေ့ရှိတယ်။ Meditation is human nature, တရားအားထုတ်တယ်ဆိုတာ လူ့သဘာဝပါ။ လူ့သဘာဝဖြစ်လို့ လူတွေက ဒါကို ဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေကြတာပါ။ လုပ်လို့လည်း အောင်မြင်သွားတာ။ လူ့သဘာဝဖြစ်လို့ ဘုရားမပွင့်ခင် ကတည်းက တရားအားထုတ်တယ်ဆိုတာ ရှိတာပဲ။ ဒါတင်မကသေးဘူး။ Meditation is human need တရားအားထုတ်တယ်ဆိုတာဟာ လူရဲ့လိုအပ်ချက် ဖြစ်ပါတယ်။ မရှိရင် မဖြစ်ဘူး။

(ဆရာတော်ဦးဇောတိက)


Powered by Blogger.