ယိုးဒယားမင်းဗြနရစ်၏ ဥာဏ်နီဥာဏ်နက်များ


ယနေ့တိုင် ယိုးဒယားပြည်သူတို့၏ သူရဲကောင်းအဖြစ် မှတ်ယူခြင်းကို ခံနေရသော ယိုးဒယားမင်း ဗြနရစ်သည် ပိဿလောက်စား ဗြမဟာဓမ္မရာဇာ နှင့် ဗြ၀ိသုဒ္ဓိကေသထရီ တို့၏ သားတော်လတ် ဖြစ်သည်။

သူ၏ အစ်မတော်မှာ ဗြသ၀န်ခေါ် ဆုပန်ကလျာဖြစ်ပြီး ညီတော်မှာ ဗြဧကထို့စလို့ ဖြစ်သည်။ ( ယိုးဒယားတို့က ယင်းတို့ သုံးဦးကို Golden Princess, Black Prince and White Prince ဟု အမှတ်အသားပြုထားကြသည်ဆို၏။ )

အေဒီ ၁၅၆၃ ခုနှစ်တွင် ဘုရင့်နောင်မင်းကြီး အယုဒ္ဓယမြို့ကို အလိုတော်ပြည့်သည့်အခါ ပိဿလောက်စား မဟာဓမ္မရာဇာသည် ၄င်း၏ ကိုးနှစ်သားအရွယ် သားငယ် ဗြနရစ်ကို မင်းကြီး၏အပါးတွင် ခစားရန် ဟံသာဝတီသို့ တပါတည်း ထည့်ပေးခဲ့သည်။

ဗြနရစ်သည် ဟံသာဝတီတွင် မွန်စကား၊ဗမာစကားတို့ကို လေ့လာသင်ယူခဲ့သည့်အပြင် ဘုရင့်နောင်မင်းကြီး၏ မြေးတော်နှင့်အတူ စစ်သေနင်္ဂဗျူဟာများ၊စစ်ဆင်စစ်တက်ပုံများကို ပါ လေ့လာခွင့်ရရှိခဲ့သည်။

အေဒီ ၁၅၆၉ တွင် ယိုးဒယားဘုရင်ဟောင်းက ပုန်ကန်သဖြင့် ဘုရင့်နောင်မင်းကြီးသည် အယုဒ္ဓယသို့ ဒုတိယမ္ပိ ချီတက် သိမ်းပိုက်ရပြန်သည်။ ( ဤအကြိမ်တွင်မူ ဗြနရစ်၏ အဖေ ပိဿလောက်စားသည် မြန်မာတို့ဘက်မှ ရဲရဲရင့်ရင့် ရပ်တည်ကာ တိုက်ခိုက်ပေးခဲ့သည်။ ၄င်း၏ သွေးသားရင်းချာများကိုပင် သစ္စာဖောက်ကာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ )

ထို့ကြောင့်ပင် ဘုရင့်နောင်မင်းကြီးက အယုဒ္ဓယကို ထပ်မံအောင်မြင်သည့်အခါ ဗြမဟာဓမ္မရာဇာအား စော်ဘွားသောင်ကျည် ( ချောင်ဖစောင်ခွေ ) ဟူသောဘွဲ့ဖြင့် ထီးဖြူ မကိုဋ်ပေးကာ အယုဒ္ဓယဘုရင်အဖြစ် တင်မြောက်ပေးခဲ့သည်။

စော်ဘွားသောင်ကျည်ကလည်း ဘုရင့်နောင်မင်းကြီး အား မိမိ၏ ၁၇ နှစ်အရွယ် သမီးတော် ဆုပန်ကလျာကို ဆက်သခဲ့သည်။ ( ထို့နောက် ဗြနရစ်ကို အယုဒ္ဓယသို့ ပြန်ခေါ်ကာ ပိဿလောက်မြို့ကို စားစေခဲ့သည်။ )

အယုဒ္ဓယသည် ဘုရင့်နောင်မင်းကြီး နတ်ရွာစံသည့်အချိန်ထိ မြန်မာတို့၏ လက်အောက်ခံအဖြစ် ပျဝပ်ရိုကျိုးစွာ ဆက်ဆံခဲ့သည်။

ဘုရင့်နောင်နတ်ရွာစံပြီးနောက် သားတော်နန္ဒဘုရင်က အရိုက်အရာကို ဆက်ခံခဲ့သည်။ ( များမကြာမီ မင်းသစ်၏ အရည်အချင်းကို စမ်းသပ်လိုသော လက်အောက်ခံ တို့က ပုန်ကန်ကြသည်။ )

လက်အောက်ခံတို့၏ ပုန်ကန်မှုများအနက် အင်းဝဘုရင်သတိုးမင်းစော၏ ပုန်ကန်မှုသည် အခြားဘုရင်များကို ပင် ဂယက်ရိုက်စေခဲ့သည်အထိ ကြီးမားခဲ့သည်။ ( အကြောင်းမှာ နန္ဒဘုရင်က သတိုးမင်းစောကို နှိမ်နင်းရန် လက်အောက်ခံများထံမှ စစ်သည်အမြောက်အများ ဆင့်ဆိုခဲ့သောကြောင့် ဖြစ်သည်။)

အကြံသမား ဗြနရစ်အတွက်မူ ထိုပုန်ကန်မှုကို အခွင့်အရေးတစ်ရပ် အဖြစ် ရှုမြင်ခဲ့သည်။ ( ထို့ကြောင့်ပင် နန္ဒဘုရင်က စစ်သားဆင့်ဆိုသည့်အခါ ဆင်မြင်းစစ်သည် နှစ်သောင်းခန့်ဖြင့် ဟံသာဝတီသို့ ချီတက်လာခဲ့သည်။ )

ဟံသာဝတီတွင် မြို့စောင့်အဖြစ်ကျန်ခဲ့သော ဥပရာဇာသည် နန်းမြင့်မျှော်စင်ပေါ်မှနေ၍ တောင်အရပ်မှ တလိမ့်လိမ့်တက်နေသော ဖုန်လုံးကြီးများကို ကြည့်ကာ ချွေးပြန်စ ပြုလာခဲ့ပြီ။ ( "ခမည်းတော် အင်းဝကို ချီသွားခဲ့ပြီ၊ အမီလိုက်ချေတော့" ဟူသောစကားကို မြင်းသည်တော်စေလွှတ်ကာ ပြောကြားခဲ့သော်လည်း ဗြနရစ်က လျစ်လျူရှုကာ တအိအိ ချီတက်လာနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ )

ထို့ကြောင့် မြို့ကို အမြောက်သေနတ်များ ပြင်ကာ ခုခံရန် ကြံရွယ်နေစဉ် သတင်းကောင်းပေါ်လာခဲ့သည်။ နန္ဒဘုရင် အင်းဝကို အလိုတော်ပြည့်ကာ ဟံသာဝတီသို့ ပြန်လာနေပြီ ဟူသောသတင်းပင်ဖြစ်သည်။

ဗြနရစ်အနေဖြင့်မူ မျက်နှာပျက်စရာသတင်းပင်ဖြစ်သည်။ ယခုမှ ဟံသာဝတီကို တိုက်လျှင် မြို့တွင်းမှ ခုခံစစ်ရော မြို့ပြင်မှ မကြာမီရောက်လာမည့် ဘုရင့်တပ်များ၏ထိုးစစ်ရောဖြင့် စစ်နှစ်ဖက်ညှပ်ခံရကာ အယုဒ္ဓယသို့ ခေါင်းမပါဘဲ ပြန်ရောက်မည့်ကိန်းဖြစ်သည်။ ( မတိုက်ဘဲ မျက်နှာပြောင်တိုက်ကာ ဒီတိုင်းနေနေလျှင်လည်း ရောက်တုန်းရောက်ခိုက် နန္ဒဘုရင်ကို ၀င်ရောက်ရှိခိုးရတော့မည် ဖြစ်သည်။ )

အကြံသမား ဗြနရစ်သည် ကြံရာမရဖြစ်သွားသည့်အခါ အရှေ့ဘက်တလွှားရှိ မွန်ဟူသမျှကို စုရုံးသစ္စာပေးသည်။ စုမိသမျှသော မွန်အရပ်သားများကို ခေါ်ကာ အယုဒ္ဓယသို့ ပြန်သည်။ ( နန္ဒဘုရင်ကို အတိအလင်း ပုန်ကန်ခြားနားခြင်းပင်ဖြစ်သည်။ )

နန္ဒဘုရင်ကလည်း ဗြနရစ်၏နောက်သို့ တပ်လေးတပ်စေလွှတ်ကာ မွန်တို့ကို ကယ်တင်ရန်နှင့် ဗြနရစ်ကို ဖမ်းဆီးခဲ့ရန် အမိန့်ပေးခဲ့သည်။

စစ်တောင်းမြစ်အနီးသို့ အရောက်တွင်မူ မြန်မာတပ်များ ဗြနရစ်တို့ လူအုပ်စုကြီးကို မီလာခဲ့တော့သည်။ ( ချက်ချင်းပင် တံတားများ ဖောင်များ ပြင်ဆင်ကာ မြစ်တစ်ဖက်ကမ်းသို့ ရောက်နှင့်နေပြီး ဖြစ် သော ဗြနရစ်တို့ကို မျက်ချည်မပြတ်စေရန် ကြိုးပမ်းခဲ့သည်။ )

ထိုအခါ ဗြနရစ်သည် မြစ်တစ်ဖက်ကမ်းမှ နေ၍ တူမီးသေနတ်ကို ပြောင်းစာကျည်ဆန်သွတ်ကာ မြန်မာ့တပ်လေးတပ် ၏ ခေါင်းဆောင် စစ်သူကြီးသက်ရှည်ကျော်ထင် ကို တည့်တည့်ချိန်ပြီး ပစ်ခတ်ရာ မြန်မာစစ်မှုးကြီးသည် တစ်ချက်တည်းဖြင့် ထိမှန်ကျဆုံးခဲ့သည်။ (ထို တူမီးသေနတ်ကို ယိုးဒယားအမျိုးသားပြတိုက်တွင် ယနေ့တိုင် သိမ်းဆည်းထားပြီး "စစ်တောင်းမြစ်ကို ဖြတ်ကျော်ဆဲ ဗြသာဓိနရာဇ် အသုံးပြုခဲ့သည့်သေနတ်"ဟု ကမ္ဗည်းထိုးထားသည်ဆို၏။ )

စစ်မှုးကျသွားသောအခါ မြန်မာတပ်များသည် မြစ်ကမ်း အနားတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ပြီး ဗြနရစ်လည်း လွတ်မြောက်သွားတော့သည်။

နန္ဒဘုရင်သည် နောက်ပိုင်းတွင် ဗြနရစ်ကို နှိမ်နင်းရန် အကြိမ်ကြိမ်ချီတက်ခဲ့သော်လည်း ဗမာ့ရေကိုသောက်၍ ဗမာ့ထမင်းကိုစားကာ ဗမာတို့၏သေနင်္ဂဗျူဟာများကို နားလည်နေသော ဗြနရစ်သည် နန္ဒဘုရင်၏တပ်များကို အယုဒ္ဓယမြေမှ အကြိမ်ကြိမ်ပြန်ဆုတ်စေခဲ့သည်။

တစ်ကြိမ်တွင်မူ ဟံသာဝတီဥပရာဇာသည် ဗြနရစ်နှင့် ဆင်စီးချင်းထိုးနေစဉ် စိန်ပြောင်းသင့်၍ နတ်ရွာစံခဲ့ရသည်အထိ အခြေအနေဆိုးခဲ့သည်။

နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံဘက်တွင် နိုင်ငံရေးအကျပ်အတည်းများ ပေါ်ပေါက်လာခဲ့ပြီး နန္ဒဘုရင်လည်း ထီးနန်းစွန့်လွှတ်ခဲ့ရသည်။

ဗြနရစ်သည် ဟံသာဝတီကို သိမ်းရန် အပြေးကလေး ချီတက်လာခဲ့သေးသည်။ သို့သော် ရခိုင်ဘုရင်နှင့် တောင်ငူဘုရင်က သိမ်းယူပြီးဖြစ်သဖြင့် ၄င်းအတွက် ဝေစုခွဲစရာအဖြစ် ပြာပုံများသာ ကျန်တော့သည်။

ပြာပုံများကိုသာတွေ့၍ ဗြနရစ် ၀မ်းနည်းပက်လက် ဖြစ်သွားခဲ့သော်လည်း တောင်ငူကို သိမ်းနိုင်လျှင် ရတနာများရနိုင်သေးသည် အထင်ဖြင့် တောင်ငူကို တိုက်ခိုက်ခဲ့သည်။ ( သို့သော် နတ်သျှင်နောင်ကို မယှဉ်နိုင်သဖြင့် ပြန်ဆုတ်ပြေးရသည်။ )

မဆုတ်ခင်တွင် မုတ္တမတလွှားကို ရုပ်တည်ဖြင့် ၀င်ရောက်စီမံသွားသေးသည်။ ၀င်းယော်စား၊ မော်လမြိုင်စား တို့ကို ဗမာ့လက်မှ လွတ်အောင် ငါကြံဆောင်ပေးခဲ့သည်ဟုဆိုပြီး ဘွဲ့ကြီးရာထူးကြီးများပေးကာ သစ္စာခံစေခဲ့သည်။ ( ဗမာနှင့်မွန်အကြား သပ်သျှိုသွေးခွဲသည့်သဘောပြုလုပ်သွားခြင်းပင်ဖြစ်သည်။ )

ထို့နောက်တွင်မူ ဗြနရစ်သည် မြန်မာပြည် အောက်ပိုင်းကို သိမ်းသွင်းနိုင်ရန်ကြိုးပမ်းနေစဉ်တွင် ညောင်ရမ်းမင်း၏ တပ်များက ရှမ်းပြည်တလွှားကို စုစည်းနိုင်ရန် ကြိုးစားနေကြောင်းကို သိသည့်အခါ ညောင်ရမ်းမင်း၏ အကြံအစည်များကို ဖျက်ဆီးရန် ရှမ်းပြည်ဘက်သို့ အမောတကော ချီတက်လာခဲ့သည်။

ထိုသို့ အမောတကောချီတက်လာနေစဉ်မှာပင် ဗြနရစ် ( အသက် ငါးဆယ် ) သည် သံလွင်မြစ်အနောက်ဘက် ခရီးငါးတိုင်အကွာ မိုင်းဟင်းအရပ်တွင် ငှက်ဖျားရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။ ( ညောင်ရမ်းအင်အားစုအတွက် တစ်မီးငြိမ်းသွားခဲ့သည်ဟု ဆိုရပေမည်။ )

အကယ်၍သာ ထိုအဖြစ်ကိုဘုရင့်နောင်မင်းကြီး သိခဲ့လျှင် "ဟံသာဝတီတွင် မြေးတော်နှင့်အတူ မိမိ၏ကျေးဇူးကိုခံစားခဲ့သော ဗြနရစ်ငယ်သည် ဤသို့ဤနှယ် တောကြီးမျက်မည်းအလယ်တွင် အနိစ္စရောက်ရှာသည်"ဟုဆိုကာ စိတ်ကောင်းတော်မူရှာမည် မဟုတ်ပေ။

( မရေးရတာကြာလို့ ဗြနရစ်အကြောင်း အတိုချုပ်ပြီး ရေးသားလိုက်ရပါတယ်။ အတိုချုပ်တာကတင် တော်တော်ရှည်သွားလို့ ဒီမှာပဲ ရပ်လိုက်ရပါတယ်။ ထပ်သိချင်သေးရင် ကောမန့် ချန်ထားခဲ့ပါညော် =^_^= )


ပဉ္စမံကြောင်
Powered by Blogger.