ဆန်ကော တစ်ချပ် လေမှာ လွင့်ရာဝယ်...


သရေခေတ္တရာပြည် ၏ နောက်ဆုံးမင်း မှာ သုပညာနာဂရဆိန္နမင်း ဖြစ်သည်။
အမည်မှာ သုပညာ သာဖြစ်ပြီး ထိုမင်းလက်ထက်တွင် မြို့ပျက်ရသောကြောင့် နာဂရ (မြို့ပြ) နှင့် ဆိန္န (ပျက်သုဉ်းခြင်း) တို့ကို အမည်နောက်တွင် ထည့်သွင်းမှတ်တမ်းတင်ရခြင်းဖြစ်သည်။

ထိုမင်းသည် ကမ်းယံပြည် တွင် သူပုန်တို့ထကြွသဖြင့် ကိုယ်တော်တိုင် စစ်ချီကာ သွားရောက် နှိမ်နင်းသည်။

နှိမ်နင်း အောင်မြင်သောအခါ ကမ်းယံပြည်ရှိ အရိမေတ္တေယျဘုရား ဆင်းတုတော်ကြီးကို ကြည်ညိုခြင်း ပြင်းစွာ ဖြစ်သဖြင့် သရေခေတ္တရာ သို့မပြန်ဘဲ ကမ်းယံပြည်တွင်သာ နေလေ၏။

သုံးနှစ်မျှ ကြာသောအခါ မှူးမတ်စစ်သည် အပေါင်းတို့က နေရပ်ကို လွမ်းလှပြီ ဖြစ်သော်လည်း မပြန်လိုသော ဘုရင့်အမိန့်ကို မလွန်ဆန်နိုင်၍ ဆိတ်ဆိတ်သာနေရ၏။

ထိုအခါ ဥာဏ်များသော အမတ်တစ်စုက ဆင်းတုတော်ကြီး အောက်ခြေကို မီးတိုက်ကာ ပြိုလဲစေ၏။

မင်းကြီးလည်း လွန်စွာထိတ်လန့်၍ မေးလေလျှင် အမတ်တို့က ရယ်စစ မျက်နှာပေးများဖြင့် " မိတေးရှင် ပရိနိဗ္ဗာန်ပြုချေပြီ " ဟု လျှောက်တင်၏။

မင်းကြီးမှာ " ဟယ် မဟုတ်မဟပ် လျှောက်တင်အပ်သည် " ဟု မျက်နှာတော် မသာမယာဖြင့် ညည်းတွားကာ မျက်နှာလွှဲလေ၏။

အမတ်များက မင်းကြီး စိတ်ပြေစေရန် ပြိုလဲသော ဆင်းတုတော်ကို အရည်ကျို ကာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို သွန်းလောင်း၍ ဆက်လေ၏။

ကြွင်းသော ရွှေတို့ကို မှူးမတ်အပေါင်းတို့ ယူကြရာ ဆင်းတုတော်ကြီးမှာ ကြီးမားလှသဖြင့် ရဲမက်အပေါင်းတို့ တစ်ယောက်စီပင် ရွှေ ပိသာချီ ရကြသည် ဆို၏။

သရေခေတ္တရာသို့ ပြန်ရောက်၍ ထိုရွှေများဖြင့် ရောင်းဝယ်ကြရာ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း တို့ အပြင် ဓါးပြမှု၊ ခိုးမှု၊ လိမ်လည်မှု စသည့် ရာဇ၀တ်မှုများပါ တိုးပွားလာလေ၏။ တောင်အရပ်မှ ငစကောအမည်ရှိ ပုဂ္ဂိုလ်ကလည်း နောက်လိုက်များနှင့်တကွ ဆူပူနေလေ၏။

မင်းကြီးမှာလည်း ဆင်းတုတော်ကြီးကို ကြည်ညိုစိတ်အား မဖျောက်နိုင်ဘဲ အမတ်တို့ ငါ့ကို ပြုရက်လေခြင်းဟု နှလုံးကြေကွဲကာ အိပ်ရာထဲလဲလေ၏။

ထိုသို့ တိုင်းပြည် ကစဥ့်ကလျား ဖြစ်နေစဉ် အမျိုးသမီး တစ်ဦး စပါးလှန်း နေရာမှ လေ အလာတွင် သူမ၏ ဆန်ကော လွင့်ပါသွားလေ၏။

အမျိုးသမီးလည်း အူယားဖားယားဖြင့် " ငါ့ဆန်ကော ငါ့ဆန်ကော " ဟု ထဘီမနိုင် ပ၀ါမနိုင် ပြေးလိုက်ရာ ကျန်သူများက " ငစကော စစ်တပ်ကြီး ချီလာပြီဟ " ဟု ထင်ကာ ကြောက်အားလန့်အားဖြင့် ရရာပစ္စည်းဆွဲကာ ပြေးကြလေ၏။

တစ်မြို့ လုံး အုန်းအုန်းကျက်ကျက်ဖြစ်လေလျှင် နန်းတော်၌ အသက်ငွေ့ငွေ့သာ ကျန်သော ဘုရင်လည်း ငစကော အမှန်ချီလာပြီမှတ်၍ အသက်ထွက်လေ၏။

ဤတွင် သရေခေတ္တရာ မင်းဆက်လည်းပျက်ကာ မြို့လည်း ပျက်သုဉ်းသွားတော့သည်။

( ထိုအခြေအနေတွင် ပျူ တစ်စု၊ ကမ်းယံတစ်စု၊ သက်တစ်စု တို့ တစ်ကွဲတစ်ပြား ပြေးလွှားကြပြီး ပျံ့ကြဲ သွားကြသည်မှာ သမုဒ္ဒရာဇ်မင်းက စုစည်းပြီး ပေါက္ကံရာမ ( ပုဂံ) အဖြစ် မတည်မီ အထိပင် ဖြစ်တော့သတည်း )

( ပုံကို http://www.hirstoryistruth.blogspot.com/ မှယူပြီး စာစီသူမှာ ကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း) ~_^

ပဉ္စမံကြောင်
Powered by Blogger.