Segway ပုံစံ စကူတာငယ်များ Xiaomi ထုတ်မည်


ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကိုအခြေပြုကာ နှစ်အနည်းငယ်အတွင်း ဧရာမနည်းပညာလုပ်ငန်းစုတစ်ခုတည်ထောင်နိုင်ခဲ့တဲ့ Xiaomi အခြားသောနည်းပညာနယ်ပယ်တွေထဲကိုလည်း ခြေလှမ်းတွေ တစ်လှမ်းပြီးတစ်လှမ်းဝင်ရောက်လာတာကိုတွေ့ရပါတယ်။လတ်တလောမှာလည်း Xiaomi က စမတ်ဖုန်းအသစ်တွေ၊တီဗီတွေ၊စပီကာတွေအပြင် မိမိဘာသာဟန်ချက်ထိန်းနိုင်တဲ့ Segway ပုံစံစကူတာငယ် တွေ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
ကမ္ဘာ့စတုတ္ထအကြီးစမတ်ဖုန်းကုမ္ပဏီအနေနဲ့ ဒီစကူတာထုတ်လုပ်မှုကို ယခုနှစ်အစောပိုင်းက Segway ကိုဝယ်ယူခဲ့တဲ့ တရုတ်ကုမ္ပဏီ Ninebot နဲ့ပူးတွဲလုပ်ဆောင်သွားမှာဖြစ်ပြီး Ninebot Mini ဆိုတဲ့အမည်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
ပုံသဏ္ဍာန်ပိုင်းအရကြည့်ရင် Ninebot Mini က Segway အသေးစားနဲ့ဆင်တူတယ်ဆိုပေမယ့် အရွယ်အစား ပိုမိုသေးငယ်ပြီး လက်ကိုင်လည်းမပါဝင်တာကြောင့် အလိုအလျောက်ဟန်ချက်ထိန်းနိုင်တဲ့စကူတာ ဒါမှမဟုတ် Hoverboard နဲ့ပိုပြီးဆင်တူပါတယ်။ Xiaomi ရဲ့အဆိုအရ Ninebot Mini ရဲ့အမြင့်က ၂ ပေခန့်သာရှိပြီး အလေးချိန်က ၂၈ ပေါင်ခန့်သာရှိတာကြောင့် အလွယ်တကးသယ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီစကူတာအသေးစားတွေက စီးနင်းရအလွန်လွယ်ကူတာကြောင့် ၃ မိနစ်အတွင်းမှာ ဘယ်လို စီးနင်း ရမလဲဆိုတာ သိရှိနိုင်မယ်လို့ Xiaomi ကဆိုပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာတော့ Ninebot Mini ကို တစ်နာရီ ၁၀ မိုင်နှုန်းနဲ့အမြန်ဆုံးမောင်းနှင်နိုင်မှာဖြစ်ပြီး အားတစ်ကြိမ်သွင်းထားပြီးရင် ၁၃.၇ မိုင်အထိမောင်းနှင်နိုင်မယ်လို့ သိရပါတယ်။
Xiaomi အနေနဲ့ Ninebot Mini ကို တရုတ်နိုင်ငံအတွင်း နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ၁,၉၉၉ ယွမ်(၃၁၅ ဒေါ်လာ) သတ်မှတ်ထားတယ်လို့ သိရပါတယ်။

TechSpace Journal
Powered by Blogger.