ရိုဘော့ဖုန်စုပ်စက်အား Dyson ရောင်းချ

ပြီးခဲ့တဲ့နှစ်ကမိတ်ဆက်ခဲ့ပြီးနောက်တစ်နှစ်အကြာမှာ Dyson ကုမ္ပဏီက 360 Eye လို့အမည်ပေးထားတဲ့ ရိုဘော့ဖုန်စုပ်စက်ကို ဂျပန်နိုင်ငံမှာစတင်ရောင်းချခဲ့ပြီဖြစ်ပါတယ်။အသုံးပြုသူရဲ့အိမ်ကို ပတ်လည် ကြည့်ရှု နိုင်မယ့် Paranomic ကင်မရာတွေတပ်ဆင်ထားတဲ့ ဒီစမတ်ဖုန်စုပ်စက်ကို ဈေးနှုန်း ယန်း ၁၃၈,၀၀၀ (ဒေါ်လာ ၁,၁၅၀) နဲ့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Dyson ရဲ့အဆိုအရ ချိန်းဘီးနဲ့လှုပ်ရှားသွားလာနိုင်တဲ့ 360 Eye က အခန်းတစ်ခန်းချင်းစီကို အစီအစဉ်လိုက် သန့်ရှင်းပေးနိုင်ပြီး ပြီးစီးတဲ့အချိန်မှာ မိမိနေရာကိုအလိုအလျောက်ပြန်သွားနိုင်တယ်လို့ သိရပါတယ်။ လှုပ်ရှားသွားလာတဲ့အခါမှာတော့ 360 Eye မှာအနီအောက်ရောင်ခြည်သုံး အာရုံခံကိရိယာတွေ ပါဝင်တာ ကြောင့် ပရိဘောဂတွေ၊နံရံတွေကို ဝင်တိုက်မှာမစိုးရိမ်ရပါဘူးလို့ Dyson ကဆိုပါတယ်။ဒါ့အပြင် 360 Eye ကိုစမတ်ဖုန်း App တစ်ခုနဲ့ချိတ်ဆက်ပြီး သန့်ရှင်းရေးလုပ်ကိုင်ဖို့ အချိန်ဇယားရေးဆွဲပေးထားနိုင်တယ်လို့ သိရပါတယ်။
Dyson အနေနဲ့ 360 Eye ကို ၂၀၁၄ခုနှစ် သြဂုတ်လမှာစတင်ကြေညာခဲ့ပြီး နောက်တစ်လအကြာမှာ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။Daily Mail ရဲ့အဆိုအရ Dyson က ဒီပရောဂျက်ကို ပေါင် ၂၈ သန်းအကုန်အကျခံပြီး ၁၆ နှစ်ကြာသုတေသနပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရိုဘော့ဖုန်စုပ်စက်နယ်ပယ်မှာ Dyson က Miele, Samsung နဲ့ LG တို့ထက်နောက်ကျနေပေမယ့်လည်း ဗြိတိန်အခြေစိုက် စက်မှုလုပ်ငန်းကတော့ အခန်းတွင်းကိုတစ်ပြိုင်နက်တည်းကြည့်ရှုနိုင်တဲ့ 360 Eye ရဲ့ကင်မရာ က သူမတူသလို ဖုန်စုပ်စွမ်းရည်ကလည်း ဈေးကွက်အတွင်းမှာရှိတဲ့ ရိုဘော့ဖုန်စုပ်စက်တွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

TechSpace Journal
Powered by Blogger.