တပင်ရွှေထီး၏ သေနတ်ဝန် Diogo Soares


၁၆ ရာစုအလယ်ပိုင်းခန့်မှ စ၍ အရှေ့တောင်အာရှ နိုင်ငံများမှ ရှင်ဘုရင်များသည် မီးပေါက်လက်နက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်သော ပေါ်တူဂီကြေးစား စစ်သားများကို ၄င်းတို့၏ စစ်တပ်များတွင် ခန့်ထားအသုံးချခဲ့သည်။

မြန်မာနိုင်ငံတွင် အစောဆုံးသော သေနတ်ဝန်အဖြစ် အမှုထမ်းခဲ့သူမှာ ပေါ်တူဂီလူမျိုး ဒီယေဂို ဆွာယက်ဇ်ဖြစ်ပြီး ၄င်းသည် တပင်ရွှေထီး၏ တိုက်ပွဲများစွာတွင် ပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့သည်။

သို့ရာတွင် သူသည် လူကောင်းတစ်ဦးမဟုတ်ပေ။ ၁၅၃၈ ခုနှစ်တွင် လူသတ်မှု၊ပင်လယ်ပြင်လုယက်မှု တို့ဖြင့် ဂိုအာဘုရင်ခံ ဒဂါးမား ၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။။

နောက်ပိုင်းတွင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရပြီး ပင်လယ်ပြင်တွင် စူးစမ်းရှာဖွေသူအဖြစ် နောက်လိုက်များနှင့် အတူ နေရာအနှံ့အပြားသို့ လှည့်လည် သွားလာခဲ့သည်။

မြန်မာနိုင်ငံသို့ ၁၅၄၇ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး တပင်ရွှေထီး၏ သေနတ်ဝန်အဖြစ် အမှုထမ်းခြင်းဖြင့် လွန်စွာ ကြွယ်ဝလာခဲ့သည် ဆို၏။

ရွှေငွေနှင့် အဖိုးတန်ရတနာများကို ဘုရင်က မကြာခဏ ချီးမြင့်လေ့ရှိပြီး နှစ်စဉ် ပေါ်တူဂီငွေ ဒူးကက်နှစ်သိန်းနှင့် ညီမျှသော ငွေကြေးကို ခံစားခွင့်ပြုခဲ့သည်ဟု ပေါ်တူဂီမှတ်တမ်းများကဆိုသည်

တပင်ရွှေထီး၏ ယိုးဒယားချီ စစ်ပွဲတွင် နာမည်ကျော် မြန်မာစစ်သူကြီးများဖြစ်သော ဘုရင့်နောင် နှင့် သတိုးဓမ္မရာဇာ တို့နှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပြီး အယုဒ္ဓယမြို့ကို တစ်လကြာဝန်းရံထားစဉ်အတွင်း ထိရောက်သော ပစ်ခတ်မှုများကို လုပ်ဆောင်ပေးခဲ့သည်။

သို့သော် တပင်ရွှေထီးထံ ယိုးဒယားမင်းက အညံ့ခံကာ လက်ဆောင်ပဏ္ဏာများ ဆက်လာသည်တွင် သူ၏ ပေါ်တူဂီတပ်သည်လည်း ဟံသာဝတီတပ်များနှင့်အတူ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ဟံသာဝတီတွင် ဆွာယက်ဇ်သည် အမှားတစ်ခုကို ကျူးလွန်မိသည်။ နေပြည်တော်အနီးရှိ မြို့ငယ်လေးတစ်ခုမှ သူနှစ်သက်သည့် မြန်မာ မိန်းကလေးတစ်ဦး ၏ မင်္ဂလာပွဲကို ၀င်ရောက်ဖျက်ဆီးကာ သတို့သားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ( သတို့သမီးမှာလည်း ပွဲဖျက်ခံရသဖြင့် ရှက်ရွံ့ခြင်းဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။)

ထိုအချိန်တွင် တပင်ရွှေထီးမှာ မူးယစ်သောက်စားကာ ယစ်ထုပ်ကြီးဘ၀ ရောက်ရှိနေချိန်ဖြစ်ပြီး ဘုရင့်နောင်မှာလည်း သမိန်ထောပုန်ကန်မှုကြောင့် ဒလဘက်သို့ စစ်ချီနေရာ ထိုအမှုကို တရားစီရင်ရန် ကြန့်ကြာနေခဲ့သည်။

မကြာမီ တပင်ရွှေထီးကို စစ်တောင်းစား သမိန်စောထွတ်က လုပ်ကြံကာ သမိန်စက္ကဝေါအမည်ဖြင့် နန်းတက်သည်။ သမိန်စက္ကဝေါသည် ဆွာယက်ဇ်၏ အမှုကို စုံစမ်းစစ်ဆေးပြီးနောက် နှောင်ကြိုးတည်းစေကာ သတို့သမီး၏ မိဘများရှိရာ မြို့ငယ်သို့ ပို့စေသည်။

ထိုမြို့ငယ်သို့ ဆွာယက်ဇ် ရောက်သည်နှင့် တပြိုင်နက် သတို့သမီး၏ မိဘဆွေမျိုးများအပြင် အခြားဒေသခံများပါရောက်ရှိလာပြီး တစ်ယောက်တစ်လက်ဖြင့် ကျောက်ခဲများကောက်၍ ၀ိုင်းအုံထုကြရာ စိတ်ကြမ်းလူကြမ်းပေါ်တူဂီသားကြီးသည် မြန်မာ့ကျောက်တုံးများဖြင့် အသက်ပျောက်ရှာလေ၏။

သူ၏လက်အောက်ငယ်သား သေနတ်သမားများမှာမူ အမှုနှင့်ဘာမှမဆိုင်သော်လည်း မိမိတို့ ခေါင်းဆောင်၏ သွေးပျက်ဖွယ်သတင်းကို ကြားပြီးသည့်နောက်တွင် အသစ်တက်သည့် မွန်မင်းမှာ ရက်စက်လှသည်ဟုဆိုကာ ဒလဘက်သို့ အမြန်ပြေး၍ ဘုရင့်နောင်ထံ လက်နက်များနှင့်အတူ ခိုဝင်သွားကြတော့သည်။

ဆွာယက်ဇ်၏ အိမ်မှာလည်း မီးရှို့ခြင်းခံခဲ့ရပြီး သူ၏ ရွှေငွေများကိုလည်း ဒေါသထွက်နေသော လူအုပ်ကြီးက ၀င်ရောက်လုယက်ခြင်းကို ခံခဲ့ရသည်။ ( ပင်လယ်ဓါးပြဘ၀က သူများအပေါ်ရက်စက်ခဲ့သည်များ ၀ဋ်လည်ခြင်း ဖြစ်နိုင်သည်။ ) အချို့ကမူ ဆွာယက်ဇ်သည် ပဲခူးနယ်တ၀ိုက်တွင် ရွှေငွေများကို လျှို့ဝှက်စွာ မြုပ်နှံထားနိုင်သေးသည် ဟုဆိုသည်။ အကြောင်းမှာ သူ့ထံမှ လုယက်ရရှိသည်မှာ ထင်ထားသည်ထက် နည်းပါးသောကြောင့် ဟုဆိုသည်။

( ဗဟုသုတအနေနဲ့ Wikipedia ကနေဘာသာပြန်ပြီးတင်ပါတယ်။ အချို့အချက်အလက်တွေကိုတော့ သတင်းစာဆရာဦးသိမ်းမောင်ရဲ့ မြန်မာသူရဲကောင်းစာအုပ်ကနေ မှီငြမ်းထားပါတယ်။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ။ =(^_^)= )
ပဉ္စမံကြောင်
Powered by Blogger.