အလောင်းမင်းတရားကြီး ချမ်းသာပေးခဲ့သော ယိုးဒယားဗိုလ်ချုပ်များ


အေဒီ ၁၇၅၉ တွင် မြန်မာပိုင် ထားဝယ်နယ် အနီးအပါးရှိ ကျေးစွန်ရွာနားများ ကို ယိုးဒယားတို့ ထိပါးနှောင့်ယှက်ခြင်း နှင့် နေပြည်တော်မှ စေလွှတ်သော လှေသင်္ဘောများကို သိမ်းယူခြင်းတို့ကြောင့် ထိုနှစ် ဒီဇင်ဘာလတွင် ဦးအောင်ဇေယျကိုယ်တော်တိုင်ယိုးဒယားသို့ ချီတော်မူခဲ့သည်။

ယိုးဒယားဘုရင်လည်း အလောင်းမင်းတရားကြီး ချီလာသည်နှင့် မိမိ၏ တပ်မှုး၊ဗိုလ်မှုး၊ စစ်သူကြီးတို့ကို ဆင်မြင်းအလုံးအရင်းဖြင့် ဆီးဆို့ရပ်ခံစေသော်လည်း ကုန်းဘောင်တပ်တို့၏ စစ်ဦးဘီလူးသဖွယ် တိုက်ခိုက်မှုများကို မခံနိုင်ဘဲ တစ်မြို့ပြီး တစ်မြို့ လက်လွှတ်ဆုံးရှုံးရလေ၏။

များမကြာမီ မြန်မာတပ်များသည် အယုဒ္ဓယမြို့နှင့် လွန်စွာနီးသော တာလံချောင်းကမ်းပါးသို့ရောက်ရှိလာလေတော့သည်။

ယိုးဒယားဘုရင်သည် တာလံချောင်းတစ်ဖက်ကမ်းတွင် ယာယီခံမြို့ တစ်မြို့ တည်စေကာ အယုဒ္ဓယနေပြည်တော်မှ နာမည်ကျော်ဗိုလ်ချုပ်များ ဖြစ်ကြသော အောက်ဗြရာဇ၀ံသံ၊ ဗြတေဇော၊ ဗြစိန္တာမဏိ၊ ဗြအိန္ဒသူရ၊ ဗြဂါမဏိ တို့ ငါးဦး ကို ဆင် ၃၀၀၊ မြင်း ၃၀၀၀၊ ခြေသည် ၃၀၀၀၀ ကို ခွဲဝေ ကွပ်ကဲစေကာ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အောက်ဗြကလဟုန်း အမည်ရှိစစ်သူကြီးကိုပါ အသေအချာကြပ်မတ်နိုင်ရန် ထည့်ပေးလိုက်လေ၏။

တာလံချောင်းကို မြန်မာတို့သည် စစ်သုံးကြောင်းခွဲကာ ကူးလေ၏။ ကူးလာသမျှကိုလည်း ယိုးဒယားတို့က အမြောက် စိန်ပြောင်း ဖျော်ဖျော်လွှတ်ကာ ဆီးကြိုပစ်ခတ် သဖြင့် ကုန်းဘောင်ရဲမက် အများအပြား ထိရှသေကြေကြလေ၏။

သို့သော် မြန်မာတို့သည် မိမိတို့၏ ရဲဘော်များ သေလေသည်ကိုပင် ငဲ့၍မျှမကြည့်ဘဲ သေနတ်ကျည်ဆန်များကို ပန်းနှင့် ပေါက်သကဲ့သို့ သဘောထားကာ ရင်ဘတ်ပေးလျှက် အတင်းပြေးဝင်ကာ ချောင်းကိုကူးကြလေ၏။

မြန်မာတပ်များ တာလံချောင်း တစ်ဖက်ကမ်းသို့ ကူးမိသည်နှင့် တပြိုင်နက် တိုက်ပွဲအခြေအနေမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ မြန်မာတို့၏ တရကြမ်း ထိုးခုတ်တိုက်ခိုက်မှုများကို ယိုးဒယားတို့မခံနိုင်တော့ဘဲ ဖရိုဖရဲဖြစ်ကြတော့သည်။

ယိုးဒယားယာယီခံတပ် စိစိညက်ညက်ပျက်သွားသည့် အပြင် ဗိုလ်ချုပ်ငါးဦးတို့ကို ၄င်းတို့ စီးသော ဆင်များနှင့်တကွ အရှင်ရလိုက်သည်။

၁။ အောက်ဗြရာဇ၀ံသံ ( စီးသောဆင် - အ၀န်ကြီး )
၂။ ဗြစိန္တာမဏိ ( စီးသောဆင် - ပကျစ်ကြီး )
၃။ ဗြတေဇော ( စီးသောဆင် - သပြေသာ )
၎။ ဗြအိန္ဒသူရ ( စီးသောဆင် - ရတနာကွံဆော် )
၅။ ဗြဂါမဏိ ( စီးသောဆင် - ပ၀ရဇရာ )

ကာချုပ်ကြီး အောက်ဗြကလဟုန်းမှာမူ ဆင်ကို ထားခဲ့ကာ အနီးမှ မြင်းတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားလေ၏။

များမကြာမီ အလောင်းမင်းတရားကြီးသည် အယုဒ္ဓယမြို့ကို ၀န်းရံမိကာ မြို့မြောက်ဘက်တွင် တပ်စခန်းချတော်မူ၏။ ထို့နောက် မြန်မာတပ်မှုးများက စိတ်ဓာတ်စစ်ဆင်ရေး အနေဖြင့် အောက်ပါစာကို ယိုးဒယားစစ်မှုးများထံ ပို့လေ၏။

-" ငါတို့အရှင် အလောင်းမင်းတရားကြီးသည် အယုဒ္ဓယပြည်တွင် သာသနာမပွင့်လင်းသည်ကို ပွင့်လင်းစေလို၍ ချီတော်မူလာသည်ကို အယုဒ္ဓယဘုရင်သည် ဆင်မြင်းသမီးကညာတို့ဖြင့် ခရီးဦးကြိုပြုသင့်သည် မဟုတ်ပါလား။ "

ထိုအခါ ယိုးဒယားတပ်မှုးတို့က အောက်ပါအတိုင်း ပြန်ကြားလေ၏။

-" ငါတို့ကမ္ဘာတွင် ဘုရားငါးဆူသာပွင့်သည်။ ဘုရားလေးဆူမှာ နိဗ္ဗာန်စံကြလေပြီ။ မိတည်းဘုရားသည် ကြွင်းတော့သည်။ မိတည်းအလောင်းလည်း ယခုမှ တုသိတာပြည်မှာသာရှိသေးသည်။ ကိုယ့်လူတို့၏ အလောင်းကား အဘယ်အလောင်းပေတုန်း။ ဘုရားပွင့်ရိုးလည်း တစ်ကမ္ဘာလျှင် ငါးဆူသာ။ ခြောက်ဆူပွင့်ထုံးမရှိ "

ထိုသို့ပြန်ကြားပြီးသည်နှင့် မြန်မာတပ်များသည် အယုဒ္ဓယမြို့အား နွားကိုခြံလှောင်သကဲ့သို့ ပြင်းပြင်းထန်ထန် ၀န်းရံကာ အမြောက်ကြီးများဖြင့်နေ့စဉ် ပစ်ခတ်လေ၏။ အယုဒ္ဓယဘုရင်သည် ငြိမ်၍သာနေပြီး ထွက်မတိုက်ပေ။

မိုးရာသီရောက်ခါနီးသည့်အခါ အလောင်းမင်းတရားကြီး နာမကျန်းဖြစ်လာသဖြင့် သားတော်၊ စစ်သူကြီးများနှင့် တိုင်ပင်ကာ တပ်ပြန်ဆုတ်ရန်ပြင်ရတော့သည်

အလောင်းမင်းတရားကြီးသည် တာလံချောင်းတိုက်ပွဲက ရခဲ့သော ဗိုလ်ချုပ်ငါးဦးကို....

" သင်းတို့ကို သတ်သော်လည်း ယိုးဒယားမြို့ကို အလိုတော်ပြည့်မည် မဟုတ်၊ သင်းတို့သားမယားများနှင့် ပြန်ဆုံနိုင်စေရန် လွှတ်ပါဘိ" ဟုဆိုကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ၏။

များမကြာမီ မြန်မာတပ်များ အယုဒ္ဓယမှ ပြန်ဆုတ်ကာ နောက်ချန်တပ်အဖြစ် စစ်သူကြီး မင်းခေါင်နော်ရထာကို ကသည်းမြင်းသည် ၅၀၀၊ သေနတ်သမား ၃၀၀၀ ဖြင့် ထားခဲ့လေ၏။

နောက်ဆက်တွဲ
----------------------

အလောင်းမင်းတရားကြီး ပြန်ဆုတ်သွားသည်ကို ယိုးဒယားမင်းသိလေလျှင် "ဗမာဘုရင်သည် စစ်ဦးစစ်စ ကောင်းပါလျက် ပြန်ဆုတ်သွားသည်မှာ အကြောင်းမဲ့မဟုတ်ချေ။ နင်တို့သွား၍ စုံစမ်းကြချေ" ဟုဆိုကာ ယိုးဒယားအမတ်များကိုစေလွှတ်လေ၏။

ယိုးဒယားအမတ်များလည်း မြင်း ၅၀၀၊သေနတ်သမား ၃၀၀၀ ဖြင့် အခန့်သား တပ်တည်ထားသော မင်းခေါင်နော်ရထာကို မြင်လျှင် ချက်ချင်းဆိုသလို သူတို့ဘုရင်ထံ ပြန်၍လျှောက်တင်ကြလေ၏။

ဤတွင် ယိုးဒယားဘုရင်လည်း ဒေါသထွက်ကာ.."ငါ့မြို့နားမှာ မခန့်လေးစား တပ်တည်ထားသော မြန်မာဗိုလ်ချုပ်ကို အမိဖမ်းကာ မြန်မာမင်းပြန်ဆုတ်ရာလမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်တိုက်ကြချေစမ်း" ဟုဆိုကာ စစ်အင်အားကြီးစွာဖြင့် မင်းခေါင်နော်ရထာတပ်ကို ၀ိုင်းစေ၏။

မင်းခေါင်နော်ရထာသည် မိမိထက် အင်အား သုံးဆမျှ ကြီးကြောင်း သိသော်လည်း မင်းတရားကြီး စိတ်ဖြောင့်လက်ဖြောင့် ပြန်ဆုတ်နိုင်ရန် ယိုးဒယားတို့အား ခံတိုက်ရန် ဆုံးဖြတ်လိုက်ပြီး တပ်လေးမျက်နှာခွဲကာ ရံလာသော ယိုးဒယားတို့ကို ရုတ်တရက် အပြင်းအထန် ထွက်တိုက်လေ၏။

ယိုးဒယားတို့ ၀က်ဝက်ကွဲရှုံးနိမ့်ပြီး ပြေးကြသည်မှာ နှစ်ယောက်ပင်စု၍ မရတော့ချေ။ ထို့ပြင် မင်းခေါင်နော်ရထာက အယုဒ္ဓယ မြို့တံခါးသို့တိုင် မြင်းဖြင့် လိုက်၍ထိုးရာ ရွှေထီးဆောင်းယိုးဒယားဗိုလ် တစ်ဦး၏ ခေါင်းကိုပင် ဖြတ်လိုက်နိုင်သေးသည်ဆို၏။

နောက်ပိုင်းတွင်မူ ယိုးဒယားတို့ ထွက်၍မတိုက်တော့ချေ။ မင်းခေါင်နော်ရထာလည်း ယိုးဒယားမြေတွင်အေးအေးဆေးဆေး နေပြီးမှ တည်ငြိမ်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်။

ပဉ္စမံကြောင်
Powered by Blogger.