ကုန်းဘောင်သူရဲကောင်း မင်းခေါင်နော်ရထာ




အေဒီ ၁၇၅၂ တွင် အင်းဝကို မွန်တို့ သိမ်းပိုက်ပြီးနောက် ညောင်ရမ်းမင်းဆက်ကို ဖြုတ်ချခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တွင် သူတစ်လူ ငါတစ်မင်း အခြေအနေဖြင့် ဖရိုဖရဲဖြစ်နေခဲ့သည်။

ထိုအခါ မုဆိုးဖိုရွာမှ ဦးအောင်ဇေယျသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်စပ်ကြားဒေသကို ခြေကုပ်ယူကာ မြင်းရည်တက်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ ကုန်းဘောင်ထီးဖြူကို ဖွင့်လှစ်ရန်ကြိုးပမ်းခဲ့သည်။

မင်းခေါင်နော်ရထာ ဟုကျော်ကြားလာမည့် ဦးတွန်သည် မြင်းရည်တက်သူရဲကောင်း ၆၈ယောက်အနက် တစ်ယောက်အပါအဝင်ဖြစ်ပြီး မင်းတရားကြီးနှင့်အတူ မြို့သိမ်းတိုက်ပွဲများစွာကို ဆင်နွှဲခဲ့သည်။

အလောင်းမင်းတရားကြီး အယုဒ္ဓယသို့ ချီတော်မူစဉ်ကလည်း မင်းခေါင်နော်ရထာသည် တပ်ဦးမှနေကာ မြေဒူးမင်းသား၊ မင်းလှနော်ရထာတို့နှင့်အတူ ပခုံးချင်းယှဉ်ကာ ချီတက်ခဲ့သည်။ လမ်းခရီးတွင် ခုခံလာသူ ယိုးဒယားတို့ကိုလည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်ဆို၏။

များမကြာမီ အယုဒ္ဓယမြို့အား အောင်မြင်စွာ ဝန်းရံနိုင်ခဲ့ပြီး အမြောက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်။ ယိုးဒယားဘုရင်သည် ထွက်မတိုက်ဘဲ မြို့ကိုအလုံပိတ်ကာ အားတင်း၍ ခံသည်။

မိုးဦးကျကာလတွင် အညာသားအလောင်းမင်းတရားကြီးသည် ရေခြားမြေခြား ရာသီဥတုကြောင့် နာမကျန်းဖြစ်တော်မူသည်။ မှူးမတ်များက ယခုဆုတ်ခွာကာ ပွင့်လင်းရာသီမှလာရောက်လုပ်ကြံသင့်ကြောင်း လျှောက်သဖြင့် တပ်များကိုနုတ်ကာ နေပြည်တော်သို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။

မင်းခေါင်နော်ရထာ ကိုမူ သေနတ်တပ်စုများ၊ ကသည်းမြင်းတပ်ဖွဲ့များ ပေးအပ်ကာ နောက်ချန်တပ်အဖြစ်တာဝန်ပေးခဲ့သည်။ ထို့နောက်မြန်မာတပ်များ အယုဒ္ဓယမှ ဆုတ်ခွာခဲ့တော့သည်။

ိယိုးဒယားဘုရင်သည် မြန်မာတပ်များ ဆုတ်ခွာသွားပြီး မြို့တံခါးအနီးတွင် မင်းခေါင်နော်ရထာ တစ်ဦးတည်း တပ်စုကလေးများဖြင့် အုပ်အုပ်စီးစီး နေသည်ကို သိလျှင်သိချင်း လွန်စွာ အသည်းယားတော်မူကာ

" ငါ့မြို့အနီးတွင် ပမာမခန့်နေသော ဗမာတပ်စုအား အပြီးတိုင်ချေမှုန်းကာ ဗမာမင်းဆုတ်ခွာသွားရာ တပ်ခြေကြွနောက်သို့ ထပ်ကြပ်မကွာ လိုက်ဖိကြစေ" ဟုဆိုကာ စစ်သည်ဆင်မြင်းများစွာကို စေလွှတ်ခဲ့သည်။

ယိုးဒယားနေပြည်တော်တပ် သည် စည်နှဲပတ်သာများ ဗုန်းဗုန်းဗျင်းဗျင်း တီးမှုတ်ကာ မြို့တံခါးမှ ထွက်လာသည်ကို ဗမာတပ်မှူးများ မြင်လျှင် မင်းခေါင်နော်ရထာအား " ကျွန်ုပ်တို့သည် သူ့မြို့သူ့တပ်အလယ်တွင် နွားဦးချိုပမာသာ ရှိတော့သည်။ ယခုပင် မြောက်မျက်နှာက ဖောက်ကာ မင်းတရားကြီးနောက်လိုက်သင့်ပါသည်။" ဟုလျှောက်တင်ကြသည်။

ထိုအခါ မင်းခေါင်နော်ရထာက ယခုအခါ ဆုတ်ခွာသွားသော မင်းတရားကြီးသည် နယ်စပ်ကိုပင် မရောက်သေးကြောင်း၊ ယခုဖောက်ထွက်လျှင် မင်းတရားကြီး စိတ်ဖြောင့်မည်မဟုတ်ကြောင်းရှင်းပြကာ ယိုးဒယားတို့ကို ခုခံရန် အရပ်လေးမျက်နှာတွင် တပ်များကို နည်းနည်းနှင့်ကျဲကျဲစီ စနစ်တကျနေရာယူစေခဲ့သည်။

အရေအတွက်အရ ယိုးဒယားတို့က အင်အားခုနစ်ဆခန့် ပိုများသည်။ ထို့နောက်တွင်မူ နှစ်ဘက်တပ်များ ညာသံပေးကာ တိုက်ခိုက်ကြသည်။တိုက်ပွဲစသည်ပင်မကြာသေး Training နှင့်ဝေးကာ မြို့ထဲတွင်အလုံပိတ်နေသော ယိုးဒယားတို့ဘက်မှ stamina က တအိအိကျလာသည်။

တိုက်ပွဲချိန်ခွင်လျှာ မိမိတို့ဘက်အလေးသာကြောင်းသိသည်နှင့် တပြိုင်နက် မင်းခေါင်နော်ရထာသည် ခံတပ်တံခါးအပြင်သို့ တဟုန်ထိုးတိုးထွက်ကာ ဆင်ပါမြင်းပါ အပြင်းတိုက်စေသည်။ ယိုးဒယားတို့လည်း ပြေးရတော့သည်။

ပြေးရသည်မှာလည်း ဝက်ဝက်ကွဲပြေးရသည် ဖြစ်ရာ နှစ်ယောက်ပင်စု၍ မရတော့ချေ။ မင်းခေါင်နော်ရထာသည် ယိုးဒယားတို့ ဝင်ပြေးကြသည့် အယုဒ္ဓယမြို့တံခါးအနီးတိုင် မြင်းနှင့်လိုက်၍ ထိုးရာ ရွှေထီးဆောင်းယိုးဒယားဗိုလ်မှူးတစ်ဦး၏ ခေါင်းကိုပင် ဖြတ်၍ယူနိုင်ခဲ့ကြောင်း မှတ်တမ်းများကဆိုသည်။

ထို့နောက်တွင်မူ ယိုးဒယားတို့ ထွက်၍မတိုက်ကြတော့ချေ။ မြို့ပျက်ကြီးကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

မင်းတရားကြီးလည်း ယိုးဒယားမှ နောက်ဆံတင်းစရာမလိုဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်။ သို့သော် မုတ္တမအရောက်တွင် ရောဂါသည်းကာ နတ်ရွာစံတော်မူသည်။

မင်းတရားကြီး နတ်ရွာစံသည့်အခါ မြေဒူးမင်းသားက မင်းခေါင်နော်ရထာအပေါ် ပုန်ကန်မည်ဟု သံသယရှိလာသည်။ ဇေတဝန်ဆရာတော်က တရားချသော်လည်း နားမဝင်တော့ပေ။

မင်းခေါင်နော်ရထာ၏နောက်ချန်တပ်ကို ရိက္ခာမပေးရန် ဆင့်ဆိုခဲ့သည်။ မင်းခေါင်နော်ရထာကို မင်းတရားကြီးပေးထားသော ယိမ်းနွဲ့ပါးဓားကိုလည်း သိမ်းယူခဲ့သည်။

မင်းခေါင်နော်ရထာသည် ဦးအောင်ဇေယျနှင့် ရွယ်တူနီးပါး ဖြစ်ရာ မိမိ၏ တူသားသဖွယ် စောင့်ရှောက်ပေးခဲ့သူက မိမိအပေါ် မကောင်းကြံပြီ ဖြစ်ကြောင်းကိုသိလျှင် အငတ်ငတ်အပြတ်ပြတ်ဖြင့်ပင် တပ်များကို စုရုံးကာ မြေဒူးမင်းနောက်မလိုက်တော့ဘဲ တောင်ငူကြောင်းသို့ချီသွားတော့သည်။

မြေဒူးမင်းသားသည် မြသိန်းတန်စေတီတွင် ရဲမက်ဗိုလ်ပါများကို သွေးသစ္စာရေတိုက်ကာ မိမိအမှုတော်ကိုထမ်းရန်၊ မင်းခေါင်နော်ရထာကို မကူရန် တိုက်တွန်းခဲ့သည်။ နေပြည်တော်တွင် ရှိနေသော အိမ်ရှေ့စံကိုလည်း ထီးနန်းကို အလျင်အမြန်ဆက်ခံရန်၊ မင်းခေါင်နော်ရထာက သစ္စာဖောက်ကာ ရွှေဘိုသို့ ချီလာပြီဖြစ်သဖြင့် သုတ်သင်ရန် အကြောင်းကြားခဲ့သည်။

အိမ်ရှေ့စံကလည်း ညီတော်၏ မင်းခေါင်နော်ရထာအပေါ် ဆေးထိုးမှုကို မသိဘဲ ရိက္ခာပြတ်နေသည့် တပ်ကို မြို့အနီးသို့အကပ်မခံဘဲ မင်းခေါင်နော်ရထာကို ဖမ်းဆီးရန်ကြိုးစားခဲ့သည်။

ထိုအခါ မင်းခေါင်နော်ရထာသည် ရွှေဘိုသို့မချီတော့ဘဲ အင်းဝသို့ချီကာ မိမိ၏အင်အားဖြင့် မြို့ကို သိမ်းယူလိုက်တော့သည်။ ( ညီနောင်နှစ်ပါး၏ သံသယကို မဖြေရှင်းနိုင်သည့်အတူတူ ကိုယ်တိုင်ပင်ပုန်ကန်တော့မည်ဟု ဆုံးဖြတ်လိုက်ဟန်တူသည်။ )

နောင်တော်ကြီးမင်းသည် မင်းခေါင်နော်ရထာ၏ အင်းဝမြို့ကို ပိတ်ဆို့ကာ ခဲခဲယဉ်းယဉ်း လုပ်ကြံသော်လည်း လအနည်းကြာသည့်တိုင် မအောင်မြင်ခဲ့ပေ။ သို့သော် မင်းခေါင်နော်ရထာသည် မိမိ၏မြို့သားများ ငတ်မွတ်နေကြောင်းသိလျှင် တပ်အနည်းငယ်ဖြင့် မြို့နောက်ပေါက်မှ ထွက်ကာ ကျောက်ဆည်ဒေသသို့ သွားရောက်ရန် ကြံစည်ခဲ့သည်။

လမ်းခုလတ်တွင်နောင်တော်ကြီးမင်း၏ တပ်များ လိုက်လာပြီး တိုက်ခိုက်ကြရာ မင်းခေါင်နော်ရထာက ထိုတပ်များ၏ ခေါင်းဆောင်ကို " ဟဲ့ နင်ထမင်းကို မုန်းပြီ မှတ်သယ် " ဟုဆိုကာ လှံကို မြောက်ပြလိုက်ရာ တပ်များသည် အနားသို့ပင် မကပ်ရဲတော့ချေ။

ထိုစဉ်သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ရာ မင်းခေါင်နော်ရထာ၏ ဝမ်းဗိုက်ကို ထိမှန်ခဲ့သည်။ မင်းခေါင်နော်ရထာသည် အံကိုကြိတ်ကာ မြင်းကိုအပြင်းနှင်တော့သည်။

ပြေးရင်းလွှားရင်း နောင်တော်ကြီးမင်း၏ တပ်များနှင့် မျက်ခြေပြတ်ကာ စမ်းချောင်းလေးတစ်ခု အနီးသို့ရောက်ရှိသွားခဲ့သည်

စမ်းချောင်းတွင် ဝမ်းဗိုက်ဒဏ်ရာကို ရေဆေးကာ အနားယူခဲ့သည်။ ထိုစဉ်နောင်တော်ကြီးမင်း၏ ဗိုလ်မင်းတစ်ယောက်က မီလာကာ မင်းခေါင်နော်ရထာကို အရှင်ဖမ်းရန်ကြိုးပမ်းခဲ့သည်။

ဒဏ်ရာကိုကြည့်ကာ နာကျင်စွာအော်ညည်းနေသော မင်းခေါင်နော်ရထာကို ထိုဗိုလ်မင်းက နောက်မှတွန်းချကာ သျှောင်ထုံးကိုဆွဲလိမ်ခဲ့သည်။ ကျားနာကဲ့သို့ဖြစ်နေသော မင်းခေါင်နော်ရထာသည် သတိမလွတ်ဘဲ ထိုသူကို လက်ပြန်ဆွဲလိမ်ကာ လည်ပင်းကို ဖမ်းညှစ်ခဲ့သည်။

ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေစဉ် ဓားကိုင်ရဲမက်များ ဝင်ရောက်လာကာ မင်းခေါင်နော်ရထာ၏ ဦးခေါင်းကို ဖြတ်တောက်ခဲ့သည်တွင် ကုန်းဘောင်သူရဲကောင်းကြီးခမျာ နိဂုံးချုပ်ရရှာသည်။

အမှန်ဆိုရလျှင် သံသယသားကောင် မင်းခေါင်နော်ရထာသည် မြေဒူးမင်း၏ အသိဥာဏ်နည်းမှုကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသူဖြစ်သည်။ အလောင်းမင်းတရားကြီး ၏ ပြည်ထောင်ဘက်သူရဲကောင်းကြီးဖြစ်သော်လည်း သူပုန်ဘဝဖြင့် အသက်ဆုံးရသည်မှာ ကြေကွဲဖွယ်ကောင်းလှသည်။
ပဉ္စမံကြောင်
Powered by Blogger.