မိုးကြိုးတို့၏ အရှင်သခင်


အေဒီ ၁၀၇၇ မှာ အနော်ရထာမင်းကြီး နတ်ရွာစံပြီး သားတော် စောလူးမင်းက ပုဂံထီးနန်းကို ဆက်ခံခဲ့ပါတယ်။ ရာဇ၀င်ဆရာအဆက်ဆက်ကတော့ စောလူးမင်းဟာ တိုင်းရေးပြည်ရာကို ကောင်းစွာ မစီမံနိုင်သူ၊ ခမည်းတော်လက်ထက်ကမပြီးပြတ်လိုက်တဲ့ ရွှေစည်းခုံစေတီကို လည်းဆက်ပြီး မတည်သူ၊ ကျန်စစ်သားကို အထင်လွဲပြီး မယုံကြည်သူအဖြစ် မှတ်တမ်းတင်ထားပါတယ်။

သူ ကလေးငယ်လေးဘ၀က နာမကရဏ (အမည်ပေး) အခမ်းအနားကျင်းပစဉ်မှာ သူ့အတွက်တည်ပေးထားတဲ့ ကြက်ဥကို မစားဘဲ နတ်တင်စင်အောက်ဆင့်က ကြက်ဥကို စားလို့ ပညာရှိတွေက ဒီမင်းသားငယ်နန်းတက်ပြီးရင် အနော်ရထာမင်းကြီးရဲ့နန်းဆက် ပြတ်ပြီလို့ နိမိတ်ဖတ်ခဲ့ကြပါတယ်။

စောလူးမင်းသားငယ်ဟာ သူ့ခမည်းတော် သထုံကို ချီတက်စဉ်က ခေါ်ယူလာတဲ့ မွန်အမျိုးသမီး နို့ထိန်းတော်ရဲ့ စောင့်ရှောက်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့အမျိုးသမီးမှာလည်း စောလူးမင်းနဲ့ အသက်ချင်းမတိမ်းမယိမ်း သားငယ်လေးတစ်ဦးရှိပါတယ်။

အဲ့ကောင်လေးနာမည်အတိအကျကိုတော့ မသိရပါဘူး။ ဒါပေမယ့် ပုဂံနန်းတွင်းကတော့ ငရမန် လို့ခေါ်ကြပါတယ်။ ( ရမန် ဆိုတာ မွန် ကို ခေါ်တာပါ။ ရာမညကနေလာသူပေါ့။ ဗဟုသုတအနေနဲ့ ပြောရရင် ဒီနေ့ချိန်ထိ ယိုးဒယားတွေက မွန်လူမျိုးတွေကို ရမန် လို့ပဲ ခေါ်နေဆဲဖြစ်ပါတယ်။ ) ငရမန် ဆိုတော့ ငမွန်လေးပေါ့။

ဘယ်လိုပဲပြောပြော စောလူးကိုယ်တော်လေးဟာ ငရမန်လေးကို နို့စို့ဖက်အနေနဲ့ တော်တော်ချစ်ခင်ခဲ့ပါတယ်။ ငရမန်ကလည်း မင်းသားလေးအပေါ် သံယောဇဉ်တော့ရှိခဲ့မှာပါ။

အနော်ရထာမင်းကြီး တိုင်းပြည်အနှံ့ စည်းရုံးသိမ်းသွင်းတဲ့ အခါမှာ ကျန်စစ်သားတို့လို လူစွမ်းကောင်းတွေနဲ့ အတူ သူ့သားငယ် စောလူးမင်းသားကိုပါ ခေါ်သွားလေ့ရှိခဲ့ဟန်တူပါတယ်။ ဘာလို့လဲဆိုတော့ မိုးမိတ်၊ တနင်္သာရီ စတဲ့ နယ်စွန်နယ်ဖျားတွေမှာ တွေ့ရှိရတဲ့ အုတ်ခွက်စာတွေမှာ အနိရုဒ္ဓဒေ၀ (အနော်ရထာ) ဆိုတာအပြင် ၀ဇဘရဏ ( စောလူးမင်း ) ဆိုတာကိုပါ တွေ့ရှိခဲ့ရလို့ပါ။

ဝဇဘရဏ ဆိုတာ မိုးကြိုးတို့၏ အရှင်သခင်လို့ အဓိပ္ပါယ်ရပါတယ်။ ၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းတုန်းက မြစ်သားမြို့နယ်မှာ တွေ့ရှိခဲ့တဲ့ စောလူးမင်းကျောက်စာမှာလည်း အဲ့ဘွဲ့ကို ထင်ထင်ရှားရှားတွေ့ခဲ့ရပါတယ်။ ( ဘယ်လိုပဲ အသုံးမကျဘူးပြောပြော စောလူးမင်းဟာ အနော်ရထာကိုယ်တိုင်က သွားလေရာခေါ်သွားပြီး သင်ကြားပြသခြင်းကိုခံခဲ့ရသူဖြစ်ကြောင်း သိနိုင်ပါတယ်။ )

အနော်ရထာ နတ်ရွာစံတဲ့အခါမှာတော့ စောလူးမင်း နန်းတက်ပါတယ်။ ရွှေပင်နားတော့ ရွှေကျေး ဆိုသလို နို့စို့ဖက် ငရမန် ကလည်း ပဲခူးမြို့စား ဖြစ်လာခဲ့ပါတယ်။ ( အနော်ရထာလက်ထက်တုန်းက မဏိစန္ဒာကိစ္စကြောင့် မင်းမျက်သင့်လို့ ထွက်ပြေးနေရတဲ့ ကျန်စစ်သားကိုတော့ လိုက်မခေါ်ပါဘူး )

တစ်နေ့ကျတော့ စောလူးမင်းနဲ့ ငရမန်ဟာ ကြွေအန် ကစားကြပါတယ်။ ငရမန်က ကြွေအန်မှာ ပွဲဆက်နိုင်တိုင်း လက်ရုံးဆန့်တန်းပြီး လက်ခမောင်းခတ်တယ်လို့ဆိုပါတယ်။ နည်းနည်း များလာတော့ စောလူးမင်းက ဒေါခွီးသွားပြီး...

" ကြွေအန်ကစားတာလောက်နဲ့ လက်ခမောင်းခတ်မနေနဲ့။ ယောက်ျားလို သတ္တိရှိရင် မင်းစားရတဲ့ ပဲခူးကနေ ငါ့ ကိုထောင်ထား ပုန်စားပါတော့လား " လို့ ထအော်ခဲ့ပါတယ်။

အကြံသမား ငရမန်ကလည်း စောလူးမင်းရဲ့အရည်အချင်းကိုသိပြီးသားဆိုတော့ ချက်ချင်း သူ့မြို့ကို ပြန်စုန်ဆင်းပြီး တပ်ကြီး ပြင်ပါတယ်။ လူသူရဲမက် လက်နက်ကိရိယာ စုံလင်တဲ့အခါ ပုဂံကို ချီလာပါတော့တယ်။

ငရမန်ဦးဆောင်တဲ့ ပဲခူးတပ်ကြီး ချီလာပြီလည်း ဆိုရော စောလူးမင်းက " ဟ ဒီကောင် တကယ်လုပ်သဟ " လို့ဆိုပြီး ထိတ်လန့်တကြားနဲ့ မှူးမတ်တွေကို တိုင်ပင်ပါတယ်။

မှူးမတ်တွေကလည်း ကျန်စစ်သားသာရှိရင် ငရမန် ပုန်ကန်ရဲမှာမဟုတ်ကြောင်း၊ အဝေးရောက်ကျန်စစ်သား ကို ရှာဖွေကာ စစ်သူကြီးအရာ ပြန်ပေးသင့်ကြောင်း လျှောက်တင်ကြပါတယ်။ စောလူးမင်းလည်း ကျန်စစ်သားကို ပြန်လိုက်ရှာပြီး ခေါ်ပါတယ်။ ( ကျန်စစ်သားကို မထီးတူမသမ္ဘူလ နဲ့အတူတွေ့ရပြီး သမ္ဘူလမှာကိုယ်ဝန်ကြီးနဲ့မို့ ကျန်စစ်သားက လက်စွပ်ပေးခဲ့ပြီး သားမွေးရင် လိုက်ခဲ့ဖို့မှာကာ စောလူးမင်းရဲ့ မှူးမတ်တွေနောက် လိုက်ခဲ့ပါတယ် )

စောလူးမင်းဟာ ကျန်စစ်သားကို တပ်ဦးကနေထားပြီး ငရမန်ရဲ့ ပုန်ကန်မှုကို ရင်ဆိုင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ခေတ်တုန်းက ကင်းထောက်စခန်းအဖြစ် အရေးပါတဲ့ ပြည်တော်သာကျွန်း ကို ငရမန်က ၀င်စီးမိပြီးပါပြီ။

ငရမန်က ကျန်စစ်သားပါ ပါလာကြောင်း သိတော့ ပရိယာယ် သုံးပါတယ်။ ကျွန်းရဲ့ ရွှံနွံ ထူထပ်တဲ့နေရာမှာ ၀ါးတွေ နှီးတွေသုံးပြီး ဆင်ရုပ်၊ မြင်းရုပ်၊ စစ်သည်ရုပ်တွေ လုပ်ပြီး တံခွန်တွေ ထူထားခဲ့ပါတယ်။

ကံဆိုးချင်တော့ စောလူးမင်းနဲ့ ကျန်စစ်သားတို့ဟာ ပြည်တော်သာကျွန်းကို ညကြီးမင်းကြီး ကျမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့ပါတယ်။ လရောင်အောက်မှာ ဆင်တွေ မြင်းတွေကို တွေ့တော့ စစ်သွေးစစ်မာန်တက်နေတဲ့ စောလူးမင်းဟာ ချက်ချင်းတိုက်ဖို့ အမိန့်ပေးပါတယ်။

"ပုဂံသားကွ!!!" "သစ္စာဖောက်ငရမန်ကန်းကို တိုက်ကြ!!!" "ကျားးးး" စတဲ့ ညာသံပေးအော်ဟစ်မှုတွေအပြီးမှာ "ပလုံ စွပ် ဗလွက်" ဆိုတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စောလူးမင်းရော ကျန်စစ်သားပါ ငရမန်ကန်းရဲ့ ရွှံ့ထောင်ချောက်အတွင်း ဆင်းမိပါပြီ။

ငရမန်ရဲ့ ပဲခူးလေးသည်တော်တွေက ရွှံ့နစ်နေတဲ့ ပုဂံသားတွေကို အေးအေးဆေးဆေး ပစ်ခတ်သတ်ဖြတ်နေချိန်မှာ စောလူးမင်းနဲ့ ကျန်စစ်သားတို့လည်း တစ်ယောက်ကိုတစ်ယောက် မကယ်နိုင်တော့ဘဲ ဆင်တွေပေါ်ကနေ ထွက်ပြေးကြပါတယ်။ ( ကျန်စစ်သားက ပြေးတဲ့ဘက်မှန်ပြီး ဧရာဝတီမြစ်ဘက် ပြေးမိပေမယ့်။ လမ်းမကျွမ်းတဲ့ စောလူးမင်းကတော့ တောထဲရောက်သွားပါတယ်။)

ကျန်စစ်သားဟာ မြစ်ကို ဖြတ်ကူးပြီး ပုဂံနေပြည်တော်ထိ ထွက်ပြေးနိုင်ခဲ့ပါတယ်။ မှူးမတ်တွေက မသေကောင်းမပျောက်ကောင်း ပြန်ရောက်လာတဲ့ ကျန်စစ်သားကို ( နဂိုကလည်းချစ်ခင်ရင်းစွဲရှိတာနဲ့အညီ ) ထီးနန်းကို ဆက်ခံဖို့တောင်းဆိုကြပါတယ်။

ကျန်စစ်သားကတော့ စောလူးမင်း အသက်ရှိနေသ၍ စောလူးမင်းကိုပဲပြန်ရှာပြီး နန်းတင်မယ့်အကြောင်း၊ အနော်ရထာမင်းကြီးကို သစ္စာမဖောက်လိုကြောင်း ပြောကြားကာ စောလူးမင်းကို ကယ်ဖို့ လက်နက်တွေယူပြီး ပြည်တော်သာကျွန်းကို ပြန်လာခဲ့ပါတယ်။

တောထဲရောက်နေတဲ့ စောလူးမင်းဟာ ပတ္တမြားလက်စွပ်ကို ထင်းခွေသမား တစ်ယောက်ရဲ့ ထမင်းထုပ်နဲ့ လဲစားမိပြီး အဲ့ထင်းခွေသမားရဲ့ လမ်းညွှန်မှုကြောင့် ငရမန်ကိုယ်တိုင်လာရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

တစ်ညမှာတော့ ကျန်စစ်သားဟာ ထောင်ထဲက စောလူးမင်းဆီကို အစောင့်တွေမမြင်အောင် ပုန်းရင်းကွယ်ရင်း ရောက်အောင်သွားကာ အကျဉ်းကျစောလူးမင်းကို ပခုံးပေါ်တင်ထမ်းပြီး ကယ်ထုတ်ခဲ့ပါတယ်။

စောလူးမင်းဟာ ကျန်စစ်သား သူ့ကိုကယ်တာကို ဘယ်လိုတွေးမိသလဲဆိုတော့ " ကျန်စစ်သားဟာ ငါ့ခမည်းတော်လည်းမျက်ဖူးသူ၊ ငါကလည်း အဝေးမှာအကြာကြီးထားပြီး အရေးကြုံမှ ခေါ်ခဲ့သူ၊ ခုလိုကယ်တာ သဘောရိုးမဖြစ်နိုင်၊ ငရမန်ကတော့ နို့စို့ဖက်မို့ ငါ့ကို သတ်မှာမဟုတ်" လို့ တွေးမိပြီး " အားးးးး၊ ကျန်စစ်သား ငါ့ကို ခိုးပြီ " လို့ အာပြဲကြီးနဲ့ ထအော်ခဲ့ပါတယ်။

ကျန်စစ်သားလည်း တင်းသွားပြီး..." ဟယ် မင်းဆိုးမင်းညစ်၊ ရန်သူ့လက်ထဲမှာ ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့အတူ ခွေးသေ၀က်သေ သေရစ်ပေတော့ " လို့ပြောပြီး စောလူးမင်းကို ပစ်ချကာ အမှောင်ထဲကို ပြေးဝင်သွားခဲ့ပါတယ်။

ငရမန်ကန်းဟာ သူ့လူတွေ ပေါ့လျော့လို့ ကျန်စစ်သားတပ်ထဲခိုးဝင်ခွင့်ရတယ်၊ စောလူးမင်းရှိနေရင် ထပ်ဝင်ဦးမှာပဲ လို့တွေးမိပြီး စောလူးမင်းကို သတ်ဖို့ ပြင်ပါတယ်။ စောလူးမင်းကလည်း " ကျန်စစ်သားသူ့ကို ခိုးတုန်းက ပခုံးပေါ်မှာ ဘယ်လိုတွေးမိခဲ့တာ၊ မင်းကတော့ လုပ်ရက်လိုက်တာ" စသဖြင့်ပြောခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ငရမန်ကတော့ စောလူးမင်းကို သူ့လုံခြုံရေးအတွက် သတ်ပစ်ခဲ့ပါတယ်။

စောလူးမင်းဟာ နန်းစံသက် ခုနစ်နှစ် အပြီးမှာ ပုန်ကန်သူ ပဲခူးစားလက်ချက်နဲ့ နတ်ရွာစံခဲ့ပါတယ်။ သူနတ်ရွာစံပြီးတဲ့နောက်မှာတော့ ငရမန်ဟာ ပုဂံကို လာတိုက်ပါတယ်။ ကျန်စစ်သားက ပြန်တိုက်လို့ ငရမန်ဟာ ဧရာဝတီကို စုန်ပြီးအပြေးမှာ ကျန်စစ်သားရဲ့ စနိုက်ပါတပ်သား မုဆိုးငစဥ့်ရဲ့ မြားချက်ကြောင့် အသက်ဆုံးခဲ့ရပါတယ်။ ( ငရမန်က လှေစီးနေတုန်း ငစဥ့်က ငှက်အော်သံ လုပ်ပြတဲ့အခါ စူးစမ်းလိုစိတ်နဲ့ ငရမန်က လှေဝမ်းကနေထွက်ကြည့်ပါသတဲ့။ အဲ့လိုထွက်ကြည့်တဲ့အခါမှာ ငစဥ့်က ငရမန်ကန်းရဲ့ ကောင်းနေတဲ့မျက်လုံးတစ်ဖက်ကို မြားနဲ့ တည့်တည့်စိုက်အောင် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ )

စောလူးမင်း ကို ဝေဖန်သုံးသပ်ရရင် ဖခင်ထံကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတွေကို အတုမယူနိုင်ခဲ့သလို သူရဲကောင်းတွေကို နေရာမှန်မပေးနိုင်ခဲ့သူလို့ ယူဆရပါတယ်။ မြစ်သားကျောက်စာမှာတော့ သူလှူဒါန်းခဲ့တဲ့ ရွှေငွေ လယ်ပယ်၊ ကျွန် တွေကို တော်တော်များများဖော်ပြထားတာကြောင့် သဒ္ဓါတရားထက်သန်သူအဖြစ် ရှုမြင်နိုင်ပါတယ်။

နောက်ပိုင်းမှာ ကျန်စစ်သားမင်းကြီးက စောလူးမင်းရဲ့သား စောယွမ်း ကိုသမီးတော် ရွှေအိမ်စည်နဲ့ ထိမ်းမြားပေးခဲ့ပြီး အနော်ရထာနဲ့ စောလူးမင်းအပေါ် သစ္စာစောင့်သိကြောင်းပြသခဲ့ပါတယ်။

ပဉ္စမံကြောင်
Powered by Blogger.