ဟံသာဝတီကို စိန်ခေါ်သူများ

အင်းဝနှင့်ဟံသာဝတီ အနှစ်လေးဆယ် စစ်ဖြစ်ပွားနေစဉ် စစ်ဘေးဒဏ်မှ ကင်းဝေးသော တောင်ငူသည် လူအများခိုလှုံရာ ဒေသဖြစ်လာခဲ့သည်။ ( စစ်ပွဲအရှိန်သေသွားသည့်အခါ အင်းဝရော ဟံသာဝတီပါ အင်အားချိနဲ့သွားခဲ့ပြီး တောင်ငူသည် ပို၍ အင်အားကောင်းလာသည်။ )

တောင်ငူဘုရင် မင်းကြီးညိုသည် အနီးအပါးရှိ နယ်ပယ်များကို တိုက်ခိုက်သိမ်းသွင်းကာ ဧကရာဇ်နိုင်ငံထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ( သို့သော် ဟံသာဝတီကို တိုက်ရန်ကြံရွယ်နေစဉ် နတ်ရွာစံသွားခဲ့သည်။ )

မင်းကြီးညိုကို ဆက်ခံသော တပင်ရွှေထီးမင်းလက်ထက်တွင် ခမည်းတော်၏ ဧကရာဇ်နိုင်ငံထူထောင်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။ ( တပင်ရွှေထီးနှင့် ယောက်ဖတော် ဘုရင့်နောင်တို့သည် မြေပြန့်လွင်ပြင်နှင့် ဧရာဝတီမြစ်ဝှမ်းဒေသတလွှားတွင် မြို့သိမ်း တိုက်ပွဲများစွာကို ဆင်နွှဲကာ ကေတုမတီတောင်ငူထီးနန်း ၏ သြဇာကို ပျံ့နှံ့စေခဲ့သည်။ )

သို့ရာတွင် ဟံသာဝတီကိုမူ နှစ်နှစ်တိုင်အောင် လုပ်ကြံသော်လည်း မအောင်မြင်ခဲ့ပေ။ ( ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ၏ အထိန်းတော်ကြီး နှစ်ဦးဖြစ်သော ဗညားကျန်းနှင့် ဗညားလော တို့၏ ထိရောက်သော ကာကွယ်ရေးအစီအမံ များကြောင့်ဖြစ်သည်။ )

မြို့ကိုမရသောအခါ တပင်ရွှေထီးသည် ဟံသာဝတီ၏ နယ်စွန်နယ်ဖျားများကို တိုက်ခိုက်ဖဲ့ယူသည်။ ( နယ်ပယ်အချို့ကို တောင်ငူတပ်များက ခြေကုပ်ယူမိသည့်အခါ သုရှင်တကာရွတ်ပိက သံတမန်စေလွှတ်ကာ နယ်ပယ်များကိုပြန်ပေးရန် စေ့စပ်ညှိနှိုင်းခဲ့သည်။ )

သံတမန်အဖွဲ့တွင် သုရှင်တကာရွတ်ပိ၏ သံတမန်များနှင့် အတူ ဗညားကျန်းနှင့် ဗညားလော တို့၏ သံငယ်များလည်း ပါဝင်သည်။

ဘုရင့်နောင်သည် ထိုသံတမန်များကို ပရိယာယ်သုံးကာ တုံ့ပြန်ခဲ့သည်။ ( သုရှင်တကာရွတ်ပိ၏ သံတမန်များကို သာမန်မျှသာ ဆွေးနွေးပြီး လက်ဆောင်အနည်းငယ်သာ ပေးသော်လည်း အထိန်းတော်ကြီးနှစ်ဦး၏ သံငယ်များကို ကောင်းစွာလက်ခံကာ အပြန်တွင် ရွှေသစ္စာပန်းနှစ်ပွင့်ကို လက်ဆောင်အဖြစ်ပေးခဲ့သည်။ )

သုရှင်တကာရွတ်ပိသည် ထိုကိစ္စကို သိရသည့်အခါ ရွှေသစ္စာပန်းနှစ်ပွင့်ကြောင့် အထိန်းတော်ကြီးနှစ်ဦးကို မယုံသင်္ကာရှိလာသည်။ ( တိုင်းပြည်ရေးရာများ ဆွေးနွေးသည့်အခါ ၄င်းတို့နှစ်ဦးနှင့် မတိုင်ပင်တော့ချေ )

ထိုအခြေအနေတွင် ဘုရင့်နောင်သည် အထူးစီမံထားသော စာတစ်စောင်ကို ကျည်တောက်တစ်ခုတွင် ထည့်စေကာ မိမိ၏ လူများကို သံတမန်အဖြစ် ဟံသာဝတီသို့ စေလွှတ်ခဲ့သည်။ ( လမ်းခရီးတွင် မည်သို့လုပ်ရမည်ကိုလည်း မှာကြားလိုက်၏။ )

ဘုရင့်နောင်၏ တောင်ငူသံတို့သည် ဟံသာဝတီမြို့အနီးမှ ရွာကြီးတစ်ရွာ သို့ရောက်လျှင် ရွာသူကြီးအားခေါ်၍ မိမိတို့သည် တောင်ငူသံတမန်များဖြစ်ကြောင်း၊ ထမင်းနှင့်အရက်များ ပေးရမည်ဖြစ်ကြောင်း တောင်းဆိုကြလေ၏။

ရွာသူကြီးသည် တောင်ငူသံများကို မိမိ၏အိမ်သို့ခေါ်ကာ ကောင်းမွန်စွာ ဧည့်ခံခဲ့သည်။ သို့သော် တောင်ငူသံတို့က.

- " ဟယောင် သူကြီး၊ ကြက်ဥမွှေကြော်ယူခဲ့ပါဆို ဘာဖြစ်လို့ ခေါက်ပြီးကြော်ထားတဲ့ဟာကြီး ယူလာရတာလဲ "

- " ငင်၊ မွှေကြော်နဲ့ ခေါက်ကြော် တူတူပဲဟာကို သံတမန်ကြီးတို့ရယ် "

- " ဒါဆိုလည်း ကြက်ဥကြော်မစားတော့ဘူး၊ ကြက်သားကြော် မြန်မြန်လုပ်ပေး၊ ဒီကြက်ဥကြော်လည်း သွားစမ်း "

- " ဘတ် "

ရွာသူကြီးသည် မိမိ၏မျက်နှာပေါ် အဖတ်လိုက်ကြီး လာကပ်သော ကြက်ဥမွှေကြော်ကြီးကို ဆွဲခွာလိုက်သည်။ ထို့နောက်

- " သံကြီးတို့အတော်တရားလွန်နေပြီနော်။ "

- " လွန်တော့ ဘာဖြစ်တုန်း..ကဲကွာ "

တောင်ငူသံတို့က ထမင်းစားပွဲကြီးကို ဆောင့်ကန်လိုက်ကြသည်။ ဤတွင် သူကြီးနှင့် သူ၏ရွာသားများကလည်း တောင်ငူသံတို့ကို လုံးထွေးသတ်ပုတ်ကြသည်။

ထိုအခါ တောင်ငူသံတို့သည် မိမိတို့အကြံအောင်ပြီဟုတွေးကာ စာထည့်ထားသော ကျည်တောက်ကို ထားခဲ့ပြီး ထွက်ပြေးသွားကြတော့သည်။

နောက်နေ့တွင် သူကြီးသည် နေပြည်တော်သို့သွားကာ ထိုကျည်တောက်ကို သုရှင်တကာရွတ်ပိထံ ဆက်သလေ၏။ ကျည်တောက်ထဲမှ စာတွင်ရေးသားထားသည်မှာ-

- " တူတော် တောင်ငူဘုရင် ကြားသိအပ်ပါသည် ဦးရီးတော်တို့၊ ဦးရီးတော်တို့ အစီအမံအတိုင်း ဟံသာဝတီကို အလိုပြည့်ခဲ့ပါလျှင် ဦးရီးတော်ဗညားလောကို ဟံသာဝတီမြို့စားခန့်ပါမည်၊ ဦးရီးတော်ဗညားကျန်းကို မုတ္တမမြို့စားခန့်ပါမည်။ တူတော်၏ အကြံအောင်မြင်ရန် အမှုတော်ကို ကျေကုန်အောင် ထမ်းမည်ဟုလည်း ယုံကြည်ပါသည်။ "

ဤတွင် သုရှင်တကာရွတ်ပိသည် လွန်စွာအားကိုးရသော အထိန်းတော်ကြီး နှစ်ဦးကို အစစ်အဆေးမရှိ ကွပ်မျက်လိုက်လေတော့သည်။

တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် မိမိတို့ပစ်လိုက်သော မြားမှာ အထိန်းတော်ကြီး နှစ်ဦးထံ အသေအချာ စူးဝင်ကြောင်း သိလျှင် အချိန်မဆိုင်းတော့ဘဲ ဟံသာဝတီသို့ အလုံးအရင်း ကြီးစွာဖြင့် ချီလာလေ၏။

သုရှင်တကာရွတ်ပိသည် အထိန်းတော်ကြီးနှစ်ဦး မရှိတော့သောအခါ ကာကွယ်ရေးကိစ္စများကို မစီမံတတ်တော့ပေ။ ထိုအခါမှ နောင်တရသော်လည်း မတတ်နိုင်တော့ဘဲ လက်ရွေးစင် စစ်သည်များကို ခေါ်ကာ ပြည်မြို့သို့ ထွက်ပြေးသွားတော့သည်။

တပင်ရွှေထီးနှင့်ဘုရင့်နောင်တို့သည် ဘုရင်မရှိတော့သော ဟံသာဝတီကို အခုအခံနည်းစွာဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကို သိမ်းပိုက်ပြီးသောအခါ မွန်လူမျိုး အရာရှိ မှူးမတ်များကို မသတ်ဘဲ သစ္စာရေတိုက်ကာ မိမိတို့ထံ ဆက်လက်အမှုထမ်းစေခဲ့သည်။ ( အချို့သော မွန်အရာထမ်းများကမူ သစ္စာမခံဘဲ မုတ္တမသို့ ထွက်ပြေးသွားခဲ့သည်။ )

မည်သို့ပင်ဆိုစေ တပင်ရွှေထီးနှင့်ဘုရင့်နောင်တို့သည် မိမိတို့ ပရိယာယ်သုံးကာ အောင်မြင်ခဲ့သော ဟံသာဝတီကို အခြေပြုကာ အခြားပဒေသရာဇ်တို့၏ နယ်ပယ်များကို ဆက်လက်စည်းရုံးနိုင်ခဲ့သည်။

တပင်ရွှေထီး နတ်ရွာစံသွားသည့်အခါ ကေတုမတီဦးစွန်းကို ဘုရင့်နောင်က ဆက်လက်တည့်မတ်ခဲ့ပြီး နောက်ဆုံးတွင် ဘုရင့်နောင်သည် မင်းကြီးညိုနှင့် တပင်ရွှေထီးတို့ မျှော်မှန်းခဲ့သော တောင်ငူဧကရာဇ်နိုင်ငံတော်ကြီးကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့လေတော့သည်။

( ဟံသာဝတီကို စိန်ခေါ်သူများ အဖြစ် တပင်ရွှေထီးနဲ့ ဘုရင့်နောင်ကို ရည်ညွှန်းပြီး စာစီလိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဟံသာဝတီကို အောင်မြင်မှုဟာ တောင်ငူခေတ် နိုင်ငံရေး အလှည့်အပြောင်းမှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ )

ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ 

ပဉ္စမံ ကြောင်
Powered by Blogger.