တရုတ်မှာ တအိမ်ထောင်ကို ကလေး ၂ ဦး ယူခွင့်ပြု

တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူခွင့်ပြုဖို့ ဆယ်စုနှစ် သုံးခုကျော် ပြဌာန်းထားရာကနေ အခုအခါ တအိမ်ထောင်ကို ကလေး ၂ ယောက် ယူခွင့်ပြုတော့မယ်လို့ တရုတ်အစိုးရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး အပြီး အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ လူဦးရေ တိုးပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ နိုင်ငံတ၀န်းမှာ တအိမ်ထောင်ကို ကလေး ၁ ယောက်ပဲယူဖို့ ၁၉၇၉ ခုနှစ်က စတင်ပြဌာန်းခဲ့ပါတယ်။
ဒီပေါ်လစီအရ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ လူဦးရေ သန်း ၄၀၀ လောက် လျှော့ချနိုင်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
တအိမ်ထောင် ကလေး ၁ ယောက်ထက် ပိုမယူရဘူးဆိုတဲ့ ပေါ်လစီကို ချိုးဖောက်တဲ့သူတွေ အနေနဲ့ ဒဏ်ကြေးငွေ ချမှတ်ခံရတာမျိုးက အစ အလုပ်ဖြုတ်ခံရတာမျိုး၊ ကိုယ်ဝန်ဖျက်ချခံရတာမျိုးတွေ အထိ ပြစ်ဒဏ်ပေးခံရလေ့ ရှိပါတယ်။
လူမှုဖူလုံရေး ကုန်ကျစရိတ်တွေ များလာတာနဲ့ အလုပ်သမားအရေအတွက် နည်းပါးလာတာတွေ အပေါ် လူမှုဗေဒပညာရှင်တွေက စိုးရိမ်မကင်း ဖြစ်လာကြရာမှာ ခုနောက်ပိုင်း ပြည်နယ်တချို့မှာ တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူခွင့်ပြုတဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ သက်ညှာခွင့်ပြုလာတာ တွေ့ရပါတယ်။
အခု တအိမ်ထောင် ကလေး ၂ ယောက် ယူခွင့်ပြုလိုက်တာဟာ လူကြီးလူငယ် အရေအတွက် မျှတလာအောင်နဲ့ သက်ကြီးရွယ်အိုတွေ ပိုများနေတာကို ဖြေရှင်းဖို့ဖြစ်တယ်လို့ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုလက်ရှိ တရုတ်နိုင်ငံရဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၅၀ အထက် အရွယ်တွေ ဖြစ်ပါတယ်။ တနိုင်ငံလုံး လူဦးရေက ၁.၃၆ ဘီလီယမ်လောက် ရှိပါတယ်။
အခုလို တအိမ်ထောင် ကလေး ၂ ယောက် ယူခွင့်ပြုလိုက်ပေမယ့်လည်း ကလေးမွေးဖွားနှုန်းက အလုံအလောက်တိုးလာမှာ မဟုတ်ဘဲ ကလေး ၂ ယောက်ထက် ပိုလိုချင်တဲ့ အမျိုးသမီးတွေအတွက် သူတို့ရဲ့ ကလေးမွေးဖွားခွင့်အပေါ် ဒီပေါ်လစီနဲ့ ဆက်ထိန်းချုပ်နေအုံးမလား ဆိုပြီး အကဲခတ်တွေက သုံးသပ်နေကြကြောင်း ဘီဂျင်းမြို့က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။
bbc
Powered by Blogger.