ပုဂံသူရဲကောင်း အနန္တသူရိယ ရန်မန်ငထွေး

ပုဂံသူရဲကောင်း ရန်မန်ငထွေးသည် နရပတိစည်သူမင်း ( ၅၃၆-၅၇၃ ) လက်ထက်တွင် ထင်ရှားသော စစ်သည်တော်ကြီး တစ်ဦးဖြစ်သည်။

တစ်ခါသော် နရပတိစည်သူမင်းသည် ပုဂံမှနေ၍ အင်းဝ ရွှေကြက်ယက် ဘုရားနှစ်ဆူကို ထီးတော်တင်ရန် ဖောင်တော်ဖြင့်ဆန်လေသည်။ ထိုအခါ မိကျောင်းကြီး တစ်ကောင်သည် ဖောင်တော်ကို ကျောကုန်းထက်ရွက်ပြီး မရွေ့လျားနိုင်အောင် ချုပ်ကိုင်ကာ နှောင့်ယှက်ခဲ့သည်။

ဖောင်တော်ထက်တွင် အထိတ်တလန့်ဖြစ်ရာ သူရဲကောင်း ရန်မန်ငထွေးသည် သန်လျက်ကို ကိုင်စွဲ၍ ရေထဲသို့ ခုန်ဆင်းပြီး မိကျောင်းနှင့် သတ်ပုတ်သည်။ မိကျောင်းသည် ရန်မန်ငထွေး၏ သန်လျက်ဒဏ်ဖြင့် အသက်ပျောက်လေ၏။

ထိုသို့ မိကျောင်းနှင့်သတ်၍ ပွဲရပြီးနောက် ကျားနှင့်တစ်ယောက်ချင်း သတ်ခြင်း၊ ဆင်နှင့် တစ်ယောက်ချင်း သတ်ခြင်း တို့ကိုလည်း ပြုလုပ်ရာ ရန်မန်ငထွေးပင် အနိုင်ရလေ၏။ ရန်မန်ငထွေး ရဲရင့်ကာ ရန်အောင်ဖန်များသဖြင့် နရပတိစည်သူမင်းကြီးက " အနန္တသူရိယ " ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

ထိုနေ့မှစ၍ ရပ်စွန်ပြည်နားတွင် ခိုးသားဓားပြတို့ ထကြွလျှင် အနန္တသူရိယကိုသာ မင်းကြီးက စေလွှတ် နှိမ်နင်းခိုင်းသည်။ အနန္တသူရိယ သွားရောက်လုပ်ကြံတိုင်း သူပုန်များကို အရှင်ရအောင် ဖမ်းယူနိုင်ခဲ့သည်သာ များသည်ဟု မဟာရာဇဝင်ကြီးတွင် ဆိုသည်။

အနန္တသူရိယဘွဲ့ခံ ရန်မန်ငထွေးသည် လက်ရုံးရည်ဘက်တွင်သာမက နှလုံးရည်ဘက်တွင်လည်း ပြည့်စုံသူဖြစ်သည်။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ပေါင်းလောင်းရှင်မဟာကဿပ ကို ကြည်ညို လေးမြတ်ခြင်း ရှိကာ ဆရာတော်ကို အမှူးပြု၍ ဘုရား သိမ် ကျောင်း များ တည်ထားပြီးသော် သဘင်ကြီးစွာခံ၍ သာဓုခေါ်သည်။

မိမိလှူဒါန်းသော ကုသိုလ်တို့ကို စာရင်းတင် ရေးသားကာ မင်းကြီးရှေ့တွင် ဖတ်ကြား၍ ကုသိုလ်အမျှ ရအောင် သာဓုခေါ်စေသည်။

ထိုအခါ မင်းကြီးက "အနန္တသူရိယသည် ယခုမျက်မှောက်ဘဝ၌ ငါ၏အမှုတော်ကို ကြိုးစားအားထုတ်၍ ထမ်းပေသည်။ သံသရာအဆက်ဆက်တွင်လည်း ငါအကျိုးများစေရန် အကြောင်းကို ပြုပေသည်။ သည်ကဲ့သို့ အကျိုးလိုလားသူ မရှိပြီ" ဟု မိန့်ကာ အနန္တသူရိယအား မိဖုရားငယ်တွင်မြင်သော ဇေယျသိင်္ခ၏ နှမတော် မင်းသမီး နှင့် စုံဖက်ပေးသည်။ ကြီးစွာသော အဆောင်အယောင်နှင့်တကွ ဆွာချောင်း တစ်ဝိုက်ရှိ ကမ်းပါးမြင့်ရွာကို အပိုင်စားပေးသည်။

( ပုံကို ကြောင့်မှာရှိတဲ့ ဆိုရှယ်လစ်ခေတ် သမိုင်းဖတ်စာအုပ် ကနေ ယူပါတယ်။ သိပြီးသား အကြောင်းအရာ ဆိုရင်လည်း အခုလိုအချိန်ပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါကြောင်း =^_^= )

ပဉ္စမံကြောင်
Powered by Blogger.