အင်းဝမြို့ကို တည်ထောင်သူ

ပုဂံဧကရာဇ်နိုင်ငံတော်ကြီးကို မွန်ဂိုတွေ ကျူးကျော်ဖျက်ဆီးပြီးတဲ့နောက်မှာ ပင်းယ၊ စစ်ကိုင်း၊ ဟံသာဝတီ၊ လောင်းကြက် အစရှိတဲ့ နိုင်ငံငယ်လေးတွေအဖြစ် ပြိုကွဲကာ သူတစ်လူ ငါတစ်မင်း မင်းမူခဲ့ကြပါတယ်။

မွန်ဂိုတွေကို တွန်းလှန်ရာမှာ နာမည်ကြီးခဲ့သူ ရှမ်းညီနောင် သုံးဦးအနက် အငယ်ဆုံးဖြစ်တဲ့ သီဟသူ ဟာ ဧရာဝတီမြစ်နဲ့ ဒုဌ၀တီမြစ်တို့ ပေါင်းဆုံရာ သန်လျက်စွန်းဒေသလေးမှာ မြို့သစ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် သုံးကြိမ်တိုင်တိုင် ကြိုးစားတာတောင် မအောင်မြင်ခဲ့ရှာပါဘူး။ မြစ်ရေကို မထိန်းချုပ်နိုင်လို့ ရေလျှံမှု၊ ပြင်းထန်တဲ့ရာသီဥတု အပြင် မြို့တည်တဲ့လုပ်ငန်းခွင်မှာ ပြည်သူတွေ ပင်ပန်းပြီး ဖျားနာမှုတွေ ရယ်ကြောင့် ဖြစ်ပါတယ်။

အဲ့ဒါနဲ့ သီဟသူဟာ တောင်ဘက်မှာပြောင်းပြီး မြို့တည်ပါတယ်။ ၀ိဇယပူရ ပင်းယ မြို့လို့ သမုတ်ပြီး အခြားပဒေသရာဇ်တွေနဲ့ ထီးပြိုင်နန်းပြိုင်ရပ်တည်ခဲ့ပါတယ်။

ငါးဆယ့်နှစ် နှစ်သာကြာလိုက်ပါတယ်။ ရှမ်းမင်း သိုချည်ဘွားက အင်အားအလုံးအရင်းနဲ့ ချီတက်သိမ်းပိုက်ခဲ့လို့ ပင်းယမြို့ရော စစ်ကိုင်းမြို့ပါ ပျက်ပါတယ်။ နှစ်မြို့လုံးကို မီးရှို့ဖျက်ဆီးကာ ဆင်မြင်းလူသူတွေကို သိမ်းယူပြီးမှ ရှမ်းပြည်ကို ပြန်ပါတယ်။

ပြာပုံဖြစ်နေပြီဖြစ်တဲ့ စစ်ကိုင်းနဲ့ ပင်းယက လက်ကျန်မိသားစု တွေနဲ့ မြို့သစ်တည်ဖို့ ကြိုးစားခဲ့သူကတော့ အသက် ( ၂၀ ) သာရှိသေးတဲ့ သတိုးမင်းဖျား ဆိုတဲ့ လူငယ်လေးဖြစ်ပါတယ်။

သီဟသူ သုံးကြိမ် တိုင်တိုင်တည်တာတောင် မရခဲ့တဲ့ နေရာမှာ သတိုးမင်းဖျားက မြို့ကွက်ချပြီး တည်ထောင်ဖို့ကြိုးစားပါတယ်။

အင်းတွေကို မြေဖို့တာ၊ မြစ်ရေမလျှံအောင် ပြုပြင်တာတွေကို ရေနည်းချိန် တပေါင်းလ မှာကတည်းက ကြိုတင်စီမံခဲ့ပါတယ်။ မြို့ကွက် စနစ်တကျ ချရာမှာ နန်းတော်ရာ၊ ကျုံး၊ မြို့ရိုးတွေကိုပါ တပါတည်း တည်ဆောက်ခဲ့ပါတယ်။

အဲ့မှာ ပြောမယ်ဆိုရင် ပြောစရာရှိပါတယ်။ အရပ်အနေသင့်တဲ့ ပုဂံမြို့တော်ရှိပြီးသားပဲ။ အချက်အချာကျကျ မြို့ကွက်လည်း တည်ပြီးသား။ မွန်ဂိုတွေ ဖျက်ဆီးခဲ့ပေမယ့် နန်းတော်ရာတွေကို ပြန်ပြုပြင်လိုက်ရင် သတိုးမင်းဖျားအနေနဲ့ သာသာယာယာ ပြန် နန်းစံနိုင်မယ်။ ရေလျှံမှာလဲ ပူစရာ မလိုဘူးလို့ပေါ့။

ပြောတာကလွယ်ပါတယ်။ မြို့ကွက်ကို သိမ်းရတာမခက်ပါဘူး။ ဒါပေမယ့် သတိုးမင်းဖျားအနေနဲ့ ပုဂံကို မြို့သစ်တည်ဖို့ ကြိုးစားတာဟာ first love ကို အစွဲအလမ်းကြီးနေဆဲ မိန်းကလေး တစ်ယောက်ကို ချစ်ရသလိုပါပဲ။ ကိုယ့်ဘက်က ဘယ်လောက်ချစ်တယ်ပြောပြော သူမရဲ့ အတိတ်က အမှတ်တရတွေကို သူမကိုယ်တိုင် အစားထိုးပြီး လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။

ဒီလိုပါပဲ။ ပုဂံဟာ အစဉ်အလာကြီးမားခဲ့တဲ့ မြို့တော်ဖြစ်ပြီး အဲ့လိုမြို့တော်နဲ့ ဒေသခံတွေကို ပြုပြင်ပြောင်းလဲ ဖို့က သတိုးမင်းဖျားလို လူငယ်ဘုရင်လေးအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကြောင့်လဲ မြို့သစ်တည်ဖို့သာ ကြိုးစားခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သတိုးမင်းဖျားဟာ ရတနာပူရ အင်းဝ မြို့ကို တစ်နှစ်အတွင်း အပြီးတည်နိုင်ခဲ့ပါတယ်။ ရန်သူတွေလာတိုက်မှာ စိုးလို့ အမြန်တည်ရတဲ့အတွက် နန်းတော်ကြမ်းပြင်တွေဟာ တစ်ခုနဲ့ တစ်ခု ထိစပ်မနေပါဘူး။

အဲ့ဒါကြောင့် နန်းတက်တဲ့နေ့မှာ သတိုးမင်းဖျားက " ဟင် ! တရိန်းမစပ် " ( တရိန်း = ပွဲညက်နှင့်ရေနံ ရောမွှေကာ နန်းကြမ်းပြင်များကိုထိစပ်အောင်ကပ်သည့်အရာ ) လို့ ရေရွတ်တဲ့အတွက် ပုရောဟိတ်တွေက " သည်မင်းကား သုံးနှစ်သာ နန်းစံရမည် " လို့ နိမိတ်ဖတ်ခဲ့ကြပါတယ်။

အမှန်တကယ်လည်း သတိုးမင်းဖျားဟာ သုံးနှစ်ပဲ နန်းစံခဲ့ရရှာပါတယ်။ ဒါပေမယ့် နန်းစံတဲ့ သုံးနှစ်မှာ ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ရင်ဆိုင်ရာမှာလည်း ရက်ရက်စက်စက် ဖြေရှင်းခဲ့လို့ စိတ်ကြမ်းလူကြမ်း လူငယ်ဘုရင်လို့ မှတ်ယူနိုင်ပါတယ်။

ရေလွှဲ ငါးခရိုင်ကို ငနွယ်ကုန်းစား အဘယကျော်သူ ထိပါးလာတာကို ချက်ချင်း ချီတက်လုပ်ကြံပြီး အဘယကျော်သူကို ကိုယ်တိုင်ကွပ်မျက်ကာ အလောင်းကောင်ရဲ့ ရင်ဘတ်ထက်မှာ ပွဲတော်တည်ခဲ့ပါတယ်။

စစ်ကိုင်းတောင်ဦးမော်မှာ ပေါ်ပေါက်ခဲ့တဲ့ ရဟန်းတု တစ်ပါးကိုလည်း သူ့လက်နဲ့ပဲ သုတ်သင်ကာ အလောင်းကို နန်းတော်ပေါ်ကနေ ကိုယ်တိုင် ပစ်ချခဲ့ပါတယ်။ နာမည်ကြီးသူခိုး ငတက်ပြားကိုလည်း ပရိယာယ်နဲ့ အမိဖမ်းနိုင်ခဲ့ပါတယ်။

လူငယ်ဘုရင်ကလေးဟာ အသက် ( ၂၄ ) နှစ်အရွယ်မှာ စကုမြို့ကို စစ်ချီတက်ရင်း ကျောက်ပေါက်နာနဲ့ နတ်ရွာစံခဲ့ပါတယ်။ ဒါပေမယ့် သူကြိုးစားပမ်းစား တည်ထောင်ခဲ့တဲ့ အင်းဝမြို့ကတော့ ရာစုနှစ် လေးစု တိုင်တိုင် မြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ဥရောပနိုင်ငံတွေ သံတမန်စတင်ဆက်သွယ်ကြတော့ နိုင်ငံခြားသံရုံးတွေကို အင်းဝမှာပဲ စတင်ဖွင့်လှစ်ခဲ့ပြီး မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ မန္တလေးမှာာ နန်းစံကြသည့်တိုင်အောင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို အင်းဝ ဆိုတဲ့အမည်နဲ့ပဲ ညွှန်းဆိုခဲ့ပါတယ်။

သတိုးမင်းဖျားဟာ မြို့တော်သစ်ကို တည်ထောင်နိုင်သူဖြစ်သော်ငြား သမိုင်းမှာ မထင်ရှားရတာကတော့ အသက်တိုရှာလို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ပေမယ့် အရွယ်နဲ့ မလိုက်အောင် ကြီးမားတဲ့အခက်အခဲတွေကို ဖိဖိစီးစီး နှိမ်နင်းပြီး မြို့တော်သစ်တစ်ရပ်ကို တည်ထောင်နိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ လေးစားအားကျဖွယ် ကောင်းလှပါတယ်။

( ပုံကို ကြောင့်မှာရှိတဲ့ ဆိုရှယ်လစ်ခေတ်သမိုင်းဖတ်စာအုပ်ကနေ ဓါတ်ပုံရိုက်ထားတာဖြစ်ပါတယ်။ =(^_^)= )

ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပဉ္စမံကြောင်
Powered by Blogger.