မြန်မာမင်းများနှင့် တိုက်ဆင်များ





ရှေးအခါက မြန်မာဘုရင်များသည် ဆင်၏ ခွန်အားကို အကျိုးရှိရှိ အသုံးချကာ စစ်ပွဲများဆင်နွှဲခဲ့ကြသည်ကို ရာဇ၀င်မှတ်တမ်းများတွင် တွေ့ရသည်။ ဆင်သည် ထိုခေတ်က စီးတော်ယာဉ် မာစီဒီးသဖွယ် အသုံးချခြင်းခံခဲ့ရသလို စစ်မြေပြင်တွင် ယနေ့ခေတ်တင့်ကားသဖွယ် အသုံးပြုခြင်းလည်းခံခဲ့ရသည်။
တပင်ရွှေထီးမင်း လက်ထက် အယုဒ္ဓယချီ စစ်ပွဲတွင် ဆင်၏ ကျောပေါ်တွင် အမြောက်ငယ်များတင်ကာ ပစ်ခတ်ခဲ့သည်။ ( ဆင်ကျောပေါ်မှ အမြောက်သည် အရွယ်ငယ်သော်လည်း ပစ်အား ပြင်းထန်သည် ဟုဆိုသည်။)
တိုက်ဆင်များအဖြစ် အသုံးမပြုခင် ဆင်ရိုင်းများကို လေ့ကျင့်ပေးရာတွင် ထိုဆင်ရိုင်းများ အနီးတွင် မီးအိုးများ ၀ါးဆစ်ဗျောက်များ ဗုန်းဗုန်းဗြင်းဗြင်း ဖောက်ခွဲကာ စစ်မြေပြင်မှ ဆူညံသံများနှင့် နားယဉ်အာင် ပြုလုပ်ပေးရသည်ဆို၏။ ထိုအခါ အချို့ဆင်များသည် ထွက်ပြေးသော်လည်း အချို့ဆင်များသည် မတုန်မလှုပ်ရပ်တည်ကာ အသံလာရာသို့ ကြည့်တတ်ကြသည်ဆို၏။ ( ထိုသို့ထွက်မပြေးသော ဆင်များကို ယတြာဆင် ဟုခေါ်ကာ မင်းညီမင်းသားများအတွက် အသုံးပြုသည်။)
တိုက်ဆင် တစ်ကောင်ပေါ်တွင် လူသုံးဦး စီးနင်းလိုက်ပါလေ့ရှိသည်။ ဦးစီး၊ ကုန်းလယ်စီး၊ နှင့် ပဲ့ချိတ် တို့ဖြစ်သည်။ ဆင်၏ ကျောပေါ်တွင် ဓါးများ၊ လှံများ၊ ဒိုင်းများ၊ စစ်တံမည်းများ၊ ထီးဖြူများ တပ်ဆင်ထားကြသည်။
စစ်တံမည်း ဆိုသည်မှာ-ကုန်းလယ်စီး ကိုင်ဆောင်ရသော အလံငယ်ဖြစ်သည်။ အနီရောင်၊ အစိမ်းရောင် စသည်ဖြင့်ကွဲပြားသည်။ စစ်တံမည်းကို ဘေးဝဲယာမှ တိုက်ဆင်ဦးစီးများကို အချက်ပြရန် နှင့် စစ်သူကြီး၏ အမိန့်ကို ညွှန်ပြရန် အသုံးပြုသည်။ ယိုးဒယားမင်း တို့သည် စစ်တံမည်း အဖြစ် ဒေါင်းတောင်များကို အသုံးပြုကြသည်။
ဦးစီး ဆိုသည်မှာ- ဆင်၏ လည်ကုတ်ပေါ်တွင် ထိုင်ကာ တိုက်ပွဲဝင်သူဖြစ်သည်။ ရှင်ဘုရင်၊ ဥပရာဇာ၊ စစ်သူကြီး၊ အမတ် တစ်ဦးဦး ဖြစ်နိုင်သည်။ သူသည် လက်ရုံးစွမ်းအားသုံးကာ လှံရှည်ဖြင့် ရန်သူကို တိုက်ခိုက်ရသည်။ လှံ ကို တစ်ဖက်ရန်သူသို့ ပစ်ခတ်နိုင်ပြီး လှံလိုအပ်သည့် အခါ အနောက်ဘက်မှ ကုန်းလယ်စီးထံ တောင်းခံသည်။ ဆင်၏ နားရွက်နောက်ကို ခြေဖြင့်ကန်ကာ ဘယ်ကွေ့ခြင်း၊ ညာကွေ့ခြင်း ပြုလုပ်သည်။
ကုန်းလယ်စီး ဆိုသည်မှာ - ဆင်၏ ကျောပေါ်မှ ကစင် ပေါ်တွင် ထိုင်ရသူဖြစ်သည်။ သူသည် ဦးစီးကို လှံများ ဓါးများ လက်လွှဲပေးအပ်ရသကဲ့သို့ စစ်တံမည်းကို အသုံးပြုကာ အခြားဆင်များကို အချက်ပြရသည်။ သူ၏ ရှေ့မှ ဦးစီး ရန်သူလက်ချက်ဖြင့် ကျဆုံးပါက သူကိုယ်တိုင် လည်ကုပ်ပေါ်သို့ ရွှေ့ပြောင်းကာ ဦးစီးတာဝန်ကို ယူရသည်။ ထိုသို့ရွှေ့ပြောင်းလျှင် နောက်မှ ပဲ့ချိတ်က သူ၏ကုန်းလယ်စီးနေရာကို ၀င်ယူသည်။ ယိုးဒယားတို့ကမူ ကုန်းလယ်စီးက စစ်တံမည်းအနေဖြင့် ဒေါင်းတောင်ကို အသုံးပြုကြပြီး တစ်ဖက်ရန်သူ ကျရှုံးစေရန် ပါးစပ်မှ ဂါထာမန္တရားများ တတွတ်တွတ် ရွတ်ဖတ်နေကြရသည် ဆို၏။
ပဲ့ချိတ် ဆိုသည်မှာ - ဆင်၏ နောက်ဘက် တင်ပါးပေါ်တွင် ထိုင်ရသူဖြစ်သည်။ ပြုတ်မကျစေရန် ဆင်၏ ကနှင့် သူ့ခြေထောက်များကို ကြိုးဖြင့် အရှင်ချည်ထားရသည်။ ( ပုံတွင် တွေ့နိုင်သည်။ ) သူသည် ဆင်ကို အရှိန်မြှင့်ရန် တာဝန်ယူရသူလည်း ဖြစ်ပြီး ဦးစီးက အမိန့်ပေးပါက ဆင်၏ တင်ပါးကို ချွန်းဖြင့် ပေါက်ကာ မြန်မြန်ပြေးစေသည်။
တိုက်ဆင် တစ်ကောင်၏ အောက်ခြေတွင် ဓါးစွဲ၊လှံစွဲ ဆင်ခြေဖုံးစစ်သည် လေးဦး နှင့်အထက် အမြဲပါသည်။
အခြား နောက်ဆက်တွဲမှတ်သားဖွယ်ရာများ
=============================
- မြန်မာရာဇ၀င်တွင် ရန်သူ၏ တိုက်ဆင်ပေါ်ခုန်တက်ကာ ဦးစီး၊ ကုန်းလယ်စီး၊ ပဲ့ချိတ် သုံးဦးစလုံးကို တရစပ် ခုတ်သတ်နိုင်ခဲ့သည့် သူရဲကောင်းမှာ နှစ်ဦးသာ ရှိသည်။ ( မင်းရဲကျော်စွာ နှင့် တောင်ငူဘုရင် မင်းကြီးညိုတို့ဖြစ်သည်။ ) မင်းရဲကျော်စွာသည် သိန္ဒီစော်ဘွားနှင့် စီးချင်းတိုက်စဉ် စော်ဘွား အရက်မူးနေကြောင်းသိသွားသဖြင့် ထိုသို့ တက်ခုတ်ခြင်း ဖြစ်သည်။ မင်းကြီးညိုကမူ ကြောင်ပြာမြို့စား သိုတိုင်ဘွား၏ ဆင်ပေါ်အရဲစွန့် ၀င်ခုတ်ခြင်း ဖြစ်သည်။
- အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ် စစ်ပွဲတွင် ဆင် စီးချင်းထိုးပွဲ များစွာ ပေါ်ပေါက်ခဲ့သည်။ ဥပမာ-
( အင်းဝမင်းခေါင် Vs ရှင်သိဒ္ဓတ်)
( မင်းရဲကျော်စွာ Vs သိန္ဒီစော်ဘွား)
( ဗညားနွဲ့ Vs ဗျည်းနွဲ့ ) စသည်ဖြင့် ဖြစ်သည်။
- ဘုရင့်နောင်၏ မြေးတော် ဟံသာဝတီဥပရာဇာ မင်းကြီးစွာသည် ယိုးဒယားမင်း ဗြနရစ်နှင့် ဆင်စီးချင်းထိုးနေစဉ် ယိုးဒယားဘက်မှ ချောင်းမြောင်းပစ်ခတ်သော စိန်ပြောင်းကျည်သင့်၍ ကွယ်လွန်ခဲ့သည်။
- လင်းဇင်း ( လာအိုနိုင်ငံ ) မှ ရှင်ဘုရင်များသည် လှံ အစား ဒူးလေး များကို ကိုင်စွဲကာ ရန်သူကို တိုက်ခိုက်ခဲ့ကြသည်။
- မြန်မာမင်းတို့သည် တိုက်ဆင်များကို ဆေးခြယ်၍ အလှဆင်လေ့ရှိသည့်အပြင် အမည်လှလှများလည်း ပေးခဲ့ကြသည်။ ဥပမာ-
ငချစ်ခိုင် ( ပိုင်ရှင်- မင်းရဲကျော်စွာ )
ရဲမြတ်စွာ ( ပိုင်ရှင်- ဘုရင်မင်းခေါင် )
ဥပေါသထ ( ပိုင်ရှင်- ဘုရင့်နောင် )
ရဲဘုန်းစုံ ( ပိုင်ရှင် - ဥပရာဇာ မင်းကြီးစွာ )
( ဟုတ်ကဲ့။ မြန်မာဘုရင်တွေနဲ့ ဆင်တွေအကြောင်း knowledge အနည်းငယ်ပေးနိုင်ခဲ့တယ်ဆိုရင် ကြောင်ကျေနပ်ပါပြီခင်ဗျ။ Comment မှာ လိုအပ်တာရှိရင် ထောက်ပြပေးကြပါနော် =^_^= )
Thank you for your attention
ပဉ္စမံကြောင်
Powered by Blogger.