သနားစဖွယ် မွန်မင်းသမီးငယ် တလမေသီရိ

ပဒေသရာဇ်ခေတ်ကာလတုန်းက မိန်းမသားတွေဟာ ထီးနန်း နဲ့ နီးလေလေ၊ ထီးနန်းအရှုပ်အထွေးတွေရဲ့ ဒဏ်ကို မရှုမလှ ခံကြရလေလေ ဆိုတာကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါတယ်။

နှစ်ပြည်ထောင် စစ်ပြေငြိမ်းဖို့ ကြားခံပဏ္ဏာ အဖြစ် ဆက်သခံရတာ၊ အညံ့ခံကြောင်းပြသဖို့ အဆက်သခံရတာ စသဖြင့်ပေါ့။

အဲ့ထဲကမှ တလမေသီရိဆိုတဲ့ ဝါရီရူးမင်းဆက်က ဆင်းသက်လာတဲ့ သနားစဖွယ်တော်ဝင်မင်းသမီးလေး တစ်ယောက်အကြောင်းကို စပ်မိစပ်ရာ ပြောပြချင်ပါတယ်။...

ပုဂံဧကရာဇ်နိုင်ငံတော်ကြီး ပျက်သုဉ်းပြီးနောက် မြေပြန့်လွင်ပြင်ဒေသတွင် ဗမာ၊ ရှမ်း၊ ရခိုင်တို့၏ နယ်မြေလုတိုက်ပွဲငယ်များ ဖြစ်ပွားနေသကဲ့သို့ မွန်တို့စုရုံးရာ မုတ္တမ တွင်လည်း ထီးနန်းလုပွဲများဖြင့် မတည်မငြိမ်ဖြစ်နေခဲ့သည်။

မုတ္တမဘုရင် ဗညားဦးမင်း ဆင်ဖြူရှာရန် တောတွင်းသို့ ထွက်နေသည်ကို အခွင့်ကောင်းယူကာ ၄င်း၏ဆွေမျိုးရင်းချာများ ဖြစ်သော ဗြတ်ထဗနှင့် လောက်ဖျား တို့က မုတ္တမထီးနန်းကို သိမ်းပိုက်ခဲ့သည်။

တောမှ ပြန်လာသော ဗညားဦးသည် မုတ္တမကို ပြန်လည်ရယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ရှာပေ။ ထို့ကြောင့် အခြေအနေမပျက်စေရန် ဒုန်ဝန်းမြို့သို့ ဆုတ်ခွာကာ အင်အားစုရတော့သည်။

ဒုန်ဝန်းတွင် ဗညားဦးအင်အားစုနေကြောင်း သိလျှင် ဗြတ်ထဗတို့က ဇင်းမယ်မှ ယိုးဒယားမင်း ထံစစ်ကူတောင်းကာ စစ်နှစ်ဘက်ညှပ် ဖြိုခွင်းရန် ကြိုးစားကြသည်။

ထိုအခါ ဗညားဦးသည် ပညာရှိတို့၏ အကြံပေးချက်အရ ဇင်းမယ်စစ်မရောက်စေရန် သမီးတော် တလမေသီရိ နှင့်တကွ ဆင်ပေါက် ငါးစီး၊ ရွှေခွက်များကို ဇင်းမယ်မင်းထံ ဆက်သခဲ့သည်။

ဇင်းမယ်ယိုးဒယားမင်းသည် တလမေသီရိကို ရသည့်အခါ လောက်ဖျားတို့ကို စစ်မကူတော့ပေ။ သို့သော် တလမေသီရိကို အခြားမိဖုရားများနှင့် တန်းတူမထားဘဲ စိတ်ဆင်းရဲအောင် များစွာနှိပ်စက်ခဲ့သည်ဆို၏။

ဗညားဦးခမျာမှာလည်း လောက်ဖျားတို့နှင့် ခြောက်နှစ်ကြာအောင် စစ်ထိုးသော်လည်း မအောင်မြင်သဖြင့် ဒုန်ဝန်းမှသည် ပဲခူးသို့ ပြောင်းကာ နန်းစံရပြန်သည်။

ပဲခူးတွင် အခြေတကျ ဖြစ်သည့်တိုင်အောင် လောက်ဖျားတို့၏ ရန်မှမအေးသေးပေ။ ထိုစဉ် ဇင်းမယ်မှ တလမေသီရိက ခမည်းတော်ထံ သူမ၏ သနားစဖွယ်အဖြစ်ကို စာပို့သည်တွင် ဗညားဦးသည် များစွာ ကြေကွဲတော်မူသည်။

ထို့ကြောင့် ပုန်ကန်သူ လောက်ဖျားတို့အား သမီးတော်၏ စာအကြောင်း ပြောပြကာ ငြိမ်းချမ်းရေးဆွေးနွေးရန် စာဖြင့် ဖိတ်ခေါ်ရတော့သည်။

လောက်ဖျားတို့ကလည်း မိမိတို့၏ စည်းစိမ်ကို မထိပါးဘဲ ကျူးလွန်မိသည့် အပြစ်များကို ခွင့်လွှတ်လျှင် တလမေသီရိကို သူတို့လည်း ဆင်များ၊ ရွှေများ စိုက်ကာ ရွေးယူပေးမည်ဟု စာပြန်ရာ ဗညားဦးလည်း ဒေါသကိုထိန်းကာ သဘောတူခဲ့ရသည်။

ဇင်းမယ်မှ တလမေသီရိကို ပြန်ရွေးသည့်အခါတွင်လည်း ယိုးဒယားမင်းထံ ဆင်ပေါက်များ၊ ရွှေခွက်များ ပေးအပ်ရသေးသည်ပင်ဖြစ်သည်။

ပဲခူးလှေဆိပ်သို့ တလမေသီရိ ပြန်ရောက်သည့် အချိန်တွင် ဗညားဦးမင်းကိုယ်တိုင် ဆင်း၍ကြိုတော်မူသည်။ သားအဖနှစ်ဦးစလုံး ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့ကြသည်ဟု မှတ်တမ်းများက ဆိုသည်။

ဗညားဦးသည် သမီးတော်ကို ပရိတ်ရည်များဖြင့် သွန်းလောင်းပေးကာ ထားမြဲစည်းစိမ်အတိုင်းထားတော်မူသည်။

ထိုသို့ရှိစဉ် သမိန်မရူး အမည်ရှိ စစ်ဗိုလ်က မင်းကြီးကိုးကွယ်သောဆရာတော်ထံမှတဆင့် တလမေသီရိကို ရွှေငါးပိဿာဖြင့် တင်တောင်းခဲ့သည်။

သမိန်မရူး၏ အဖေသည် ဗညားဦးမင်းထံ စစ်မှုထမ်းရင်း ဆင်ကျောကုန်းပေါ်တွင် ကျဆုံးခဲ့သူ ဖြစ်သည်က တစ်ကြောင်း၊ တလမေသီရိကို အခြားမင်းသားတစ်ပါးပါးနှင့် ထိမ်းမြားလျှင် တလမေသီရိ၏အတိတ်ကို အကြောင်းပြုကာ ထိုမင်းသားက နိုင်စားလိမ့်မည်ဖြစ်သောကြောင့် တစ်ကြောင်း ဗညားဦးက သမိန်မရူးနှင့် သမီးတော်ကို သဘောတူခဲ့သည်။

ဗညားဦးသည် သမီးတော်လေး၏ မင်္ဂလာပွဲကို ခုနစ်ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ ကျင်းပပေးခဲ့သည်။ မိမိထီးနန်းအရေးကြောင့် စတေးခဲ့ရသော သမီးတော်လေးကို ပျော်ရွှင်စေချင်ခဲ့ရှာဟန် တူသည်။

သမိန်မရူးသည် တလမေသီရိကဲ့သို့ မင်းသမီးကို ရသည့်အခါ များစွာ respect ပေး၍ ချစ်ခဲ့သည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ဦးကာလကား ချိုမြိန်ခဲ့ပေမည်။

ထိုသို့သာယာနေသော အိမ်ထောင်လေးသို့ အရီးတော် မဟာဒေဝီ ( ဗညားဦး၏ အစ်မ ) ဝင်ရောက်စွက်ဖက်ခဲ့သော အခါ အခြေအနေများ ရှုပ်ထွေးကုန်တော့သည်။

မဟာဒေဝီသည် အသက်ကြီးပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ကလက်ကာ သမိန်မရူး နှင့်ငြိစွန်းခဲ့သဖြင့် လူအများက " ဒေါင်းမအိုလျက် သစ်ပင်ထက်သို့ တက်၍ဥ၊ မိန်းမအိုလျက် ကြောက်ရှက်မရှု သူ့လင်လု " စသဖြင့် စာချိုးခဲ့ကြသည်။

အရီးတော်၏ အကြံမှာ ဗညားဦးကွယ်လွန်လျှင် သမိန်မရူးကို နန်းတင်ကာ မိမိကမူ မိဖုရားခေါင်ကြီးနေရာကို ယူရန်ဖြစ်သည်။ ထိုအကြံကို တလမေသီရိလည်း သိနိုင်ပါသည်။ သို့သော် အရီးတော်ကိုလည်း ကြောက်ရသူ၊ မိမိကိုယ်ကို သိမ်ငယ်စိတ်လည်း ဝင်နေရှာသူကလေး အနေဖြင့် ရင်ထဲမှ အပူကို ကြိတ်မှိတ်ကာ ခံစားခဲ့ရရှာမည် ဖြစ်သည်။

ဗညားဦးမင်း အသည်းအသန်ဖြစ်သောအခါ သူ၏သားတော် ဗညားနွဲ့က ဒဂုံသို့ထွက်ပြေးကာ တစ်စင်ထောင်သည်။ သမိန်မရူး၏ အကြမ်းနည်းဖြင့် နှိမ်နင်းလာမှုကိုလည်းကောင်း အရီးတော်၏ ပရိယာယ်ဖြင့် သိမ်းသွင်းလာမှုကိုလည်းကောင်း ဗညားနွဲ့က အောင်မြင်စွာတုံ့ပြန်နိုင်ခဲ့သည်။

သမိန်မရူး နှင့် အရီးတော် ဖောက်ပြန်မှုကို လက်မခံနိုင်သူများက ဗညားနွဲ့ထံ ခိုဝင်လာကြရာ အင်အားမှာ များသထက်များ လာခဲ့သည်။

ဗညားဦး နတ်ရွာစံသောအခါ ဗညားနွဲ့က အလုံးအရင်းဖြင့် ချီလာကာ ပဲခူးထီးနန်းကို သိမ်းယူသည်။

ဗညားနွဲ့ဝင်လာသည့်အချိန်တွင် နန်းဆောင်၏ ဆင်ကပ်အောက် ( ယနေ့ခေတ် Car Parking ကဲ့သို့နေရာ ) တွင် သမိန်မရူးနှင့် တလမေသီရိ ကို လက်ပြန်ကြိုးတုပ်ကာ ကြိုးချည်ထားသည်။

အရီးတော်ကို မိမိငယ်စဉ်ကကျွေးမွေးဖူးသည့် ကျေးဇူးကို ထောက်၍ သေဘေးမှ လွှတ်သော်လည်း သမိန်မရူးနှင့် တလမေသီရိ ကိုမူ ကွပ်မျက်စေသည်။

သနားစဖွယ် တလမေသီရိကို လေ့လာ သုံးသပ်ရလျှင် ထီးနန်းအရှုပ်အထွေးများကြားတွင် စတေးခံရန် မင်းသမီးဖြစ်လာရှာသူ၊ သာမန်မိန်းမတစ်ဦးလောက်မျှပင် မိမိဘဝကို မိမိမပိုင်ရှာသူ အဖြစ် ဝမ်းနည်းဖွယ် သုံးသပ်မိပါသည်။

ပဉ္စမံကြောင်
Powered by Blogger.