မင်းရဲကျော်စွာ၏ ခဲပေါင်မြို့တိုက်ပွဲ


အေဒီ ၁၄၁၄ ခုနှစ်တွင် အင်းဝဥပရာဇာ မင်းရဲကျော်စွာသည် ဟံသာဝတီဘုရင် သုသျှင်ရာဇာဓိရာဇ်ကို ရေကြောင်း ကြည်းကြောင်း လုပ်ကြံရန် သေနင်္ဂဗျူဟာများစီရင်ကာ ခမည်းတော် ဘုရင်မင်းခေါင်ထံမှ စစ်သည်များစွာ တောင်းဆိုပြီး အောက်ပြည်သို့ အလုံးအရင်းဖြင့် စုန်ဆင်းလာလေ၏။
ခဲပေါင်မြို့သို့ ဆိုက်ရောက်လေရာ ကုန်းတပ်ရေတပ် နှစ်ဘက်ညှပ်၍ တိုက်ခိုက်သော်လည်း ခဲပေါင်မြို့စား အမတ်ရဲသင်ရန် ၏အစီအမံကောင်းခြင်းကြောင့် ငါးရက်တိုင်တိုင် တိုက်သော်လည်း မအောင်မြင်ပေ။
ထိုအခါ မင်းရဲကျော်စွာက-" ငါသည် ခမည်းတော်အား ခဲပေါင်မြို့မှစ၍ ပုသိမ်၊မြောင်းမြ၊ဒလ၊ဒဂုံ တို့ကိုအစဉ်လိုက်တိုက်ကာ ပဲခူးကို သိမ်းမည်ဟု လျှောက်ခဲ့သည်။ ယခုမှာ ခဲပေါင်ကိုပင် ခက်၍နေချေပြီ။ ဘယ်လိုလုပ်ကြမည်နည်း။ " ဟုမေးရာ စစ်ကိုင်းစား ရာဇသင်္ကြံက င၀ံဝ အရပ် သို့ ခေတ္တ တပ်ဆုတ်သင့်ကြောင်း၊ ခဲပေါင်သားတို့ အမေ့အလျော့နေမှ ရုတ်တရက်တိုက်သင့်ကြောင်း လျှောက်လေ၏။
မင်းရဲကျော်စွာလည်း သဘောတူကာ တပ်များကို င၀ံဝ သို့ ဆုတ်ရန်ပြင်လေ၏။ ထိုအကြောင်းကို ခဲပေါင်မြို့စားကြားသိလျှင် မြို့ရိုးထက်မှနေ၍-
" ဟယ် ဗမာမင်းသားငယ်၊ ငါတို့မြို့ကို ငါးရက်တိုင်တိုင် လုပ်ကြံ၍ မရဘဲ ပြန်ရရှာလေပြီ။နောက်တစ်ခါလာလျှင် နင့်ခေါင်းကို ထဘီထုပ်နှင့်ဆောင့်မည်။ အခုလည်း ထဘီနှင့် ယပ်၍ ထုတ်လိုက်မည်။ သွားစမ်း..သွားစမ်း " ဟု လှောင်ပြောင်လေ၏။
ခဲပေါင်တပ်သားများကလည်း မြို့ထိပ်မှနေ၍ အချို့က ထဘီနှင့် ယပ်ခတ်၍လည်းကောင်း အချို့က စကောကို တီး၍လည်းကောင်း အချို့က ပြာများကြဲပက်၍ လည်းကောင်း မင်းရဲကျော်စွာ၏တပ်များ ကို ပြက်ရယ်ပြု ကြလေ၏။
ထိုအခါ မင်းရဲကျော်စွာလည်း မင်းဧကရာဇ်တို့၏ ရဲသွေးရဲမာန် တက်ပြီးလျှင် တပ်ဆုတ်ရန်ပြင်နေသော စီးတော်ယာဉ် ဆင်မယဉ်သာ ပေါ်မှ ဆင်း၍ တိုက်ဆင်တော် ငချစ်ခိုင် ပေါ်သို့ ခုန်တက်ကာ စစ်ကဲ စတုရင်္ဂ ကိုခေါ်၍ " မြို့ကို မတက်သည့်သူ၊ ဆင်မှ ဆင်းသူ၊ နောက်ပြန်ပြေးလာသူတို့ကို မင်းက ခုတ်သတ်ချေစမ်း " ဟု မှာကာ တပ်ပေါင်းစုံရာနှင့် ခဲပေါင်ကို ပြန်တိုက်လေ၏။
ထိုအခိုက် တောင်တွင်းမင်းဦးစီးသော တပ်မှ ပတိမ်းမဘဲမြို့စားသည် ကျုံးနဖူးမရောက်မီ ဆင်ကို တန့်၍ နေရာ စတုရင်္ဂမြင်လျှင် ဆင်ပေါ်သို့ခုန်တက်၍ မဘဲစားကို ခုတ်ချကာ ထိုဆင်ဖြင့်ပင် မင်းရဲကျော်စွာ၏ ရှေ့တော်သို့ဝင်၍ ဦးခိုက်လေ၏။
ဤသည်ကို အခြားဗိုလ်မင်း တပ်မင်းများမြင်လျှင် နာမည်ပျက်ခံ၍ မသေ၊ နာမည်ကောင်း ယူပြီးသာ သေတော့မည်ဟု အောက်မေ့ကာ အသေအလဲ တိုက်ခိုက်ကြလေ၏။ ( အချို့က မြို့ရိုးကို တူရွင်းဖြင့် တူးဖြိုကြ၏။ အချို့က ဆင်ဖြင့်တိုက်၏။ အချို့က မီးဖြင့်ရှို့ကြ၏။ အသက်ဘေးကြောင့် အရူးအမူးပင်ဖြစ်ကြသည်။ )
ထိုသို့ သွေးရူးသွေးတန်း တိုက်ခိုက်ကြရင်း တစ်နာရီခန့်အကြာတွင် ခဲပေါင်မြို့ပေါက်လေ၏။ အာချောင်မိသော ခဲပေါင်မြို့စားရဲသင်ရန် သည် မင်းရဲကျော်စွာတပ်သားများ၏ လှံချက်များကြားတွင် မချိမဆန့် အသက်ပျောက်လေ၏။ ညီဂေါင်သိန်ဟူသော မွန်အမတ်လည်း မြို့တွင်းရှိ ဘုန်းကြီးကျောင်းသို့ပြေးကာ သင်္ကန်းဝတ်လေ၏။ ( သို့သော် ထိုကျောင်းမှ ဘုန်းကြီးကျောင်းသားမှာ ဗမာသူငယ်လေး ဖြစ်နေသောကြောင့် ထိုသူငယ်၏ သတင်းပေးမှုဖြင့် မကြာမီ အဖမ်းခံရလေ၏။ )
ခဲပေါင်မြို့ပျက်ကြောင်း သိရလျှင် ရာဇာဓိရာဇ်မင်းကြီး စိတ်နှလုံးသက်သာတော်မမူဘဲ သားတော် ဗညားဓမ္မရာဇာနှင့် ဗညားပုသိမ် တို့ကို ဆင်၊မြင်း၊ရဲလှေ များ ပေးကာ ပန်းကိုဝ အရပ်တွင် မြစ်ကြောင်းတစ်လျှောက် တိုင်တိုများစိုက်စေပြီး ခံစစ်ပြု၍နေစေ၏။
ထိုစဉ် မင်းရဲကျော်စွာ၏ ရိက္ခာထောက်တပ်များကို ဟင်္သာတရှိ မွန်တပ်များက ကြားဖြတ် တိုက်ခိုက်သဖြင့် မင်းရဲကျော်စွာတို့၏ စစ်တပ်များရိက္ခာပြတ်ကာ ငတ်မွတ်ကြလေ၏။
မင်းရဲကျော်စွာလည်း တပ်သားအပေါင်းကို စုရုံးစေ၍-
" ငါသည် အောက်ပြည်ကို စုန်လာစဉ်က မိကျောင်းကဲ့သို့ တိုက်ခိုက်မည်ဟု ခမည်းတော်ကို ကတိပေးခဲ့သည်။ ယခု ထိုမိကျောင်းမှာ သောင်တင် ချေပြီ။ သူရဲကောင်းတို့မည်သည် အသက်ထက် အရှက်ကို ငဲ့သင့်သည်။ ကတိမဖျက်သင့်။ တိုက်ပွဲတွင်သာ အသေခံတော့မည်။ ယခုချိန် ပြန်လျှင် မသေသော်လည်း အရှက်ကြီးစွာရကာ ရာဇ၀င်တွင်လိမ့်မည်။ ပန်းကိုဝ ကို မတိုက်ရဘဲ မပြန်ပြီ။ မင်းတို့လည်း ယောကျာ်းကောင်းဟု အခေါ်ခံလိုလျှင် ဆာလောင်မှုကို ချုပ်တည်းပြီး ငါကဲ့သို့ အားတင်း၍ ခံကြပါ။ " ဟု မိန့်တော်မူလေ၏။
ထို့နောက် နောက်နေ့နံနက်တွင် ပန်းကိုဝ သို့ ချီလေ၏။ ရေတပ်တွင် စလင်းစား နော်ရထာ ကြီးမှုးကာ ပန်းလှိုင်မြစ်အတိုင်း ချီလေ၏။ မင်းရဲကျော်စွာက ကြည်းတပ်တွင် ဦးစီးကာ ကမ်းပေါ်ရှိ ခံတပ်မြို့များကို တိုက်ခိုက်လေ၏။
စလင်းစား နော်ရထာသည် ရဲလှေစီးကာ ပန်းလှိုင်မြစ်အတွင်းတွင် မွန်တို့စိုက်ထားသော တိုင်များကို နုတ်နေစဉ် မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် ရုတ်တရက် ရင်ဆိုင်မိလေ၏။
စလင်းစားသည် ဝမ်းသာအားရဖြင့် သမိန်ဗရမ်းကို ဦးတည်ကာ တိုက်ခိုက်တော့သည်။ ( သမိန်ဗရမ်းကို အသေရရ၊ အရှင်ရရ သူ့အတွက် ဂုဏ်တက်မည် ဖြစ်သောကြောင့်ဖြစ်သည်။ )
သမိန်ဗရမ်းလည်း မိမိ၏ ရဲလှေပေါ်မှ တပ်သားများအား အစွမ်းကုန်တိုက်ခိုက်စေကာ စလင်းစားကို ပြန်လည်ခုခံခဲ့သည်။ ထိုသို့နှစ်ဦးသား လှေစီးချင်းယှဉ်နေစဉ် အင်းဝဘက်မှ သရေစည်သူကပါ ၀င်ရောက်ကာ သမိန်ဗရမ်း၏ ရဲလှေနံဘေးကို သူ၏လှေထိပ်ဖြင့် တည့်တည့်ချိန်ပြီး အရှိန်ဖြင့် ၀င်ဆောင့်လေ၏။
သမိန်ဗရမ်းသည် အင်းဝရဲလှေ နှစ်စင်းကို အသည်းအသန် ခုခံထိုးခုတ်ရလေတော့သည်။
ထိုအခါ မွန်မင်းသား ဗညားဓမ္မရာဇာ နှင့် ဗညားပုသိမ် တို့က သမိန်ဗရမ်းအတွက် စိုးရိမ်ကာ ကုန်းပေါ်မှ နေ၍ မြစ်ထဲရှိ ရဲလှေအများကြားစေရန် အသံကုန်ဟစ်ပြီး- " သမိန်ဗရမ်းကို ကူကြပါတော့လား။ ကူကြပါတော့ဟ " ဟု အော်ပါသော်လည်း မြစ်တွင်းမှ ဟံသာဝတီရဲလှေတော်သားများသည် မီးပုံအနီးသို့ မဆင်းဝံ့သကဲ့သို့ တိုက်ပွဲအနားသို့ မချဉ်းကပ်ရဲဘဲ အဝေးမှသာ ပွဲကြည့်သကဲ့သို့ ကြည့်နေကြလေ၏။
မင်းရဲကျော်စွာလည်း ကုန်းပေါ်တွင်တိုက်ခိုက်နေစဉ် ရေထဲမှ အုန်းအုန်းကျက်ကျက် အသံများကြား၍ စုံစမ်းကြည့်ရာ သမိန်ဗရမ်းကို တိုက်ခိုက်နေကြောင်း သိလျှင် ချက်ခြင်းပင် ဆင်တော် ငချစ်ခိုင်ပေါ်မှ ဆင်းကာ မြစ်တွင်းမှ ရေကြောင်းတိုက်ပွဲ သို့ ဝင်ရန်ပြင်လေ၏။
မကြာမီ မင်းရဲကျော်စွာသည် ရှမ်းမွန် အမည်ရှိသော ရဲလှေတော်ကို လှေရှေ့ဘက် တစ်ဖက်စီတွင် ဒေါင်းမြီး နှစ်ချောင်း စိုက်ကာ လှေထိပ်တွင် တံခွန်ကုက္ကားများ လွှင့်လျက် ထီးဖြူ ကနက္ကဒဏ် ဖြန့်စေပြီး စည်နှဲခရာ တီတီတာတာ ဖြင့် သမိန်ဗရမ်း ထံ အပြင်းချီလာလေ၏။
အင်းဝလှေတော်သားများလည်း မင်းရဲကျော်စွာ၏ လှေရှေ့သို့ တိုးဝင်ကာ တိုင်တိုများကို နုတ်ငင်ဖျက်ဆီးပြီး လမ်းရှင်းပေးကြလေ၏။
ဟံသာဝတီရဲလှေများမှာမူ မင်းရဲကျော်စွာ၏ ရဲလှေတော်မှ နှဲသံ တီတီတော်တော် ကြားလျှင်ပင် နောက်သို့မျှ လှည့်မကြည့်ဘဲ အသက်ဆံဖျားထားကာ ကူးခတ်ပြေးကြလေ၏။
သမိန်ဗရမ်းလည်း အားကုန်ထိုးခုတ် တိုက်ခိုက်သော်လည်း မင်းရဲကျော်စွာလာပြီဟု ကြားလျှင် ခုခံနေရာမှ နောက်ဆုတ်ကာ ကမ်းပေါ်သို့ ပြေးတက်လေ၏။ ထို့နောက် ဆင်တော် ဗကမတ် ကို စီးကာ ခံတပ်မြို့ တစ်မြို့သို့ ဝင်မိစေရန် အပြင်းနှင်လေ၏။
မင်းရဲကျော်စွာလည်း ကုန်းပေါ်သို့လိုက်တက်ကာ နတ်ပေး အမည်ရှိ မြင်းတော်ကို စီးပြီး သမိန်ဗရမ်းကို မျက်ခြေမပြတ်စေရန် အမီလိုက်လေ၏။ အင်းဝဆင်တပ်မြင်းတပ်သား များလည်း နောက်တော်မှ အမြန်လိုက်ရလေ၏။
သမိန်ဗရမ်းကို အင်းကြီး တစ်ခုအနီးတွင် မီသော်လည်း ဆင်တော် ဗကမတ်မှာ မုန်ယိုလျက်ရှိသောကြောင့် အင်းဝမြင်းသည်များ အဝေးမှသာ ဝိုင်းပတ်ကာ လှံတို လှံရှည်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြလေ၏။
သမိန်ဗရမ်းသည် ဆင်၏ ကုန်းလယ်မှ နေကာ လှံချက်များကို ခုခံသော်လည်း ဆင်ဦးစီးမှာမူ လှံထိကာ သေလေ၏။ ဆင်နောက်မှ ပဲ့ချိတ်ငယ်မှာမူ ဆင်းပြေးလေ၏။
ဆင်တော်ဗကမတ် မှာလည်း လှံချက်များ ရှနသဖြင့် ဟောင်ဟောင်ကျီကျီမြည်ကာ နောက်သို့ အဆုတ်တွင် ကျင်းကြီး တစ်ခုအတွင်းသို့ ခြေချော်ကျလေရာ သမိန်ဗရမ်းလည်း ဆင်ပေါ်မှ ဟန်ချက်ပျက်ကာ လိမ့်ကျလေ၏။
လိမ့်ကျလာသော သမိန်ဗရမ်းထံသို့ အင်းဝတပ်သားများက ဓား လှံများ ရွယ်ကာ ဒလကြမ်းဝင်ခုတ်မည်ဟု ရွယ်ကြလေလျှင် မင်းရဲကျော်စွာက " ဟေ့ဟေ့-ဒီလူကို မသေစေနဲ့" ဟုဆိုလိုက်သဖြင့် အရှင်ဖမ်းယူကြလေ၏။
ပန်းကိုဝခံမြို့ ကို မင်းရဲကျော်စွာ အောင်မြင်လျှင် မွန်မင်းသားနှစ်ပါးလည်း ပဲခူးသို့ ပြန်ဆုတ်ကြလေ၏။ ( ထိုတိုက်ပွဲတွင် သူရဲကောင်းကြီးသမိန်ဗရမ်းကို ဆင်နှင့်တကွ ရသကဲ့သို့ လူတစ်ထောင် နှင့် မြင်းအများပါရလေသတည်း )
မင်းရဲကျော်စွာတပ်သားများမှာ ထိုတိုက်ပွဲကို နိုင်မှ မွန်တို့ထားရစ်ခဲ့သော ရိက္ခာများကို ဝပြောရွှင်ကြည်စွာ စားသောက်ကြရလေ၏။ ထို့နောက် မင်းရဲကျော်စွာကိုယ်တိုင် သမိန်ဗရမ်းကို အင်းဝသို့ ခေါ်ဆောင်သွားတော့သည်။
( ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ။ နောက်ဆက်တွဲအနေနဲ့ အကျဉ်းကျသမိန်ဗရမ်းက တရုတ်သူရဲကောင်းနဲ့ စီးချင်းထိုးပြီး အင်းဝနေပြည်တော်ကို ကယ်တင်ခဲ့တဲ့အကြောင်းကိုတော့ Post သက်သက်တစ်ခုအနေနဲ့ တင်ပြပြီးပါပြီ။ ဗဟုသုတရစရာ သမိုင်းဖြစ်ရပ်တစ်ရပ်အနေနဲ့ ရေးသား ဖော်ပြခြင်းသာဖြစ်ပြီး တိုင်းရင်းသားချင်း သွေးကွဲစေလိုသော သဘောမျိုး လုံးဝ မပါရှိပါကြောင်း )
Thank you for your attention
ပဉ္စမံကြောင်
Powered by Blogger.