“ စည်းကမ်းမကောင်းတဲ့ ကစားသမားအချို့ကို အပြစ်ပေးတဲ့အနေနဲ့ ထုတ်လိုက်တာပါ။

ယူ-၂၁ နည်းပြချုပ် အဲရစ်ဝီလျံနှင့် တွေ့ဆုံခြင်း
ရွှေဘုတ်တွေ့ဆုံမေးမြန်းသည်။
ဗီယက်နမ်ယူ-၂၁ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၁အသင်းဟာ အောက်တိုဘာ ၂၆ရက်က စပြီး ပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်နေပါပြီ။ မြန်မာယူ-၂၁အသင်းကို မူလက နည်းပြချုပ်အဖြစ် ဂတ်ဇီဆီဖရိုင်းဒရစ် တာဝန်ယူဖို့စီစဉ်ခဲ့ပေမယ့် သူက လက်ရွေးစင်နည်းပြ ဖြစ်သွားတာကြောင့် ယူ-၁၆နည်းပြ အဲရစ်ဝီလျံက ပြောင်းလဲ တာဝန်ယူခဲ့သလို မြန်မာယူ-၂၀အသင်းက ပရိသတ်အချစ်တော်ကစားသမားတွေလည်း ပါဝင်လာလို့ မြန်မာပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ ယူ-၂၁ အသင်းနဲ့ ပတ်သက်လို့ နည်းပြချုပ် အဲရစ်ဝီလျံကို Hyper Sports က သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ပထမဆုံးအနေနဲ့ ယူ-၁၆ အသင်းနည်းပြကနေ အခုလို ယူ-၂၁ အသင်းကို ကိုင်တွယ်ဖို့အတွက် ဘယ်လို ဆုံးဖြတ်ခဲ့လဲ။
ဖြေ - အရိုးသားဆုံး ၀န်ခံရရင် ဒီ ယူ-၂၁ အသင်းကို ကိုင်တွယ်ခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်အသင်းဖြစ်တဲ့အတွက်ရော ဒီအသင်းက ဆီးဂိမ်းကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ အခက်အခဲတစ်ခုရှိတာကတော့ တချို့ကစားသမားတွေ လိဂ်ပွဲရှိနေတဲ့အတွက် အသင်းနဲ့ မပူးပေါင်းနိုင်သေးပါဘူး။ ရှိတဲ့ ကစားသမားနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲက ထိုင်း၊ ကိုရီးယား စတဲ့ အသင်းကောင်းတွေ ပါတဲ့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

မေး - လက်ရှိရွေးချယ်ထားတဲ့ကစားသမားတွေ်နည်းပြအဖွဲ့က စိတ်ကြိုက်ရွေးချယ်ထားတာလား။ ဒါမှမဟုတ် အဖွဲ့ချုပ်က ရွေးချယ်ပေးတာမျိုးလား။
ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ လက်ရွေးစင်နည်းပြ ဂတ်ဇီဆီက ရွေးချယ်ပြီး အဖွဲ့ချုပ်ကို တင်ပြထားတဲ့ သူတွေ များပါတယ်။ ယူ-၂၀ ကမ္ဘာ့ဖလားတုန်းက ကစားသမားတွေရယ်၊ ယူ-၁၉ နဲ့ လက်ရွေးစင်အသင်းက အရည်အသွေးရှိတဲ့ကစားသမားတွေရယ် စုစည်းထားတာပါ။ ကျွန်တော့်လက်ထက်မှာလည်း ဒီအသင်းကို အသင်းကောင်းတစ်သင်းဖြစ်အောင် လုပ်ဆောင်သွားမှာပါ။

မေး - ကောင်းဆက်နိုင်ကို ယူ-၂၁ ပဏာမကစားသမား စာရင်း ကနေ ချန်လှစ်ဖြစ်ပုံလေး ပြောပေးပါဦး။
ဖြေ - ဒီအသင်းကို တကယ့်ငယ်တဲ့သူတွေနဲ့ ထားဖို့ရှိတယ်။ ဒီလူငယ်တွေနဲ့ပဲ လာမယ့် ဆီးဂိမ်းအထိ သွားမှာ မို့လို့ပါ။ လူငယ်တွေပဲ လိုချင်တာ ဖြစ်တဲ့အတွက် ကောင်းဆက်နိုင်၊ ပြည်မိုး၊ အောင်ကျော်နိုင် တို့ကိုလည်း ထားခဲ့မှာပါ။ ကောင်းဆက်နိုင်ကို စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ အားနည်းချက်ကြောင့် ချန်ခဲ့ရတာပါ။ ကျွန်တော်အနေနဲ့ကတော့ အထူးသဖြင့် လက်ရွေးစင်ကစားသမားတွေ ကွင်းတွင်းကွင်းပြင် စည်းကမ်းပိုင်း လိုက်နာနိုင်ရပါမယ်။ တချို့လည်း ပြုပြင်ဖို့လိုတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ ထားခဲ့တာပါ။

မေး - လက်ရှိ ပဏာမကစားသမား စာရင်းကနေ ဒီပြိုင်ပွဲအတွက် လူစာရင်း ဘယ်နှစ်ဦးရွေးချယ်သွားဖို့ ရှိလဲ။
ဖြေ - ကစားသမားစာရင်းကတော့ အယောက် ၂၀ ဖြတ်မှာပါ။ ဂိုးသမား နှစ်ယောက် ကစားသမား ၁၈ ယောက်ပါ။ ပြိုင်ပွဲသွားခါနီး တစ်ပတ်အလိုမှာ ဖြစ်မှာပါ။ လောလောဆယ် ပဏာမစာရင်းကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။

မေး - လက်ရှိ ယူ-၂၁ အသင်းနဲ့ ပတ်သက်လို့ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုလေး ပြောပေးပါဦး။
ဖြေ - ရန်ကုန်အသင်းနဲ့တော့ ခြေစမ်းကစားပြီးပါပြီ။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ လက်ရွေးစင်အသင်းနဲ့ ခြေစမ်းဖို့ ရှိပါတယ်။ ပရိသတ်တွေပါ ဖိတ်ပြီး ကစားဖို့ ရှိပါတယ်။ ဒါပေမယ့် သေချာသိရရင် သတင်းထုတ်ပေးသွားမှာပါ။ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း အသင်းကြီးတစ်သင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရှိပါတယ်။ နိုင်ငံခြားအသင်း ဖြစ်နိုင်သလို ပြည်တွင်းနာမည်ကြီးအသင်းလည်း ဖြစ်နိုင်ပါတယ်။ ၁၅ ရက်နေ့မှာ ဟံသာဝတီနဲ့ ကစားဖို့ ရှိပါသေးတယ်။ ကြားထဲမှာ အပြောင်းအလဲရှိနိုင်ပါတယ်။ လက်ရှိ ပဏာမစာရင်းက လူတွေကို လိဂ်နောက်ဆုံးပွဲအတွက် ကလပ်ပြန်လွှတ်ပြီး နိုဝင်ဘာ ၂ ရက်နေ့မှာတော့ လေ့ကျင့်ခန်း ပြန်စပါမယ်။

မေး - ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီးဘယ်လောက်အထိ မျှော်မှန်းထားလဲ။
ဖြေ - ဒီပြိုင်ပွဲက အဆင့်မြင့်နိုင်ငံအသင်းတွေ လာပြိုင်တဲ့ ပွဲဖြစ်တယ်။ ပြိုင်ပွဲမှာ ပါတဲ့အသင်းတွေဆိုလည်း ဗီယက်နမ်ကဆို သူတို့ရဲ့ အာဆယ်နယ်အကယ်ဒမီလုပ်နေတဲ့ အသင်း လိဂ်မှာလည်း လက်ရှိ ချန်ပီယံ၊ ဗီယက်နမ် လက်ရွေးစင် ယူ-၂၁ အသင်း၊ ကိုရီးယား ယူ-၁၉ ကမ္ဘာ့ဖလား အောင်ထားတဲ့အသင်း၊ စင်ကာပူရယ်၊ ထိုင်း ယူ-၂၁ ရယ် ပါမှာပါ။ သုံးသင်းနှစ်အုပ်စု ပတ်လည် ကစားရမှာပါ။ ဆီမီးဖိုင်နယ် မတက်တဲ့ နှစ်သင်းက အဆင့်ငါး နဲ့ ခြောက် ကို ပြန်လုရမှာပါ။ ဒီပြိုင်ပွဲကို ၀င်တာက လူငယ်တွေ အသင်းကောင်းတွေနဲ့ ကစားရတဲ့အတွက် တိုးတက်လာဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်ထက် မြင့်တဲ့အသင်းတွေနဲ့ ကစားမှ ကိုယ့်အသင်း ဘယ်လောက်တိုးတက်လဲ ဆိုတာ မြင်နိုင်မှာပါ။ ပြိုင်ပွဲမှာတော့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ် လို့ ယုံကြည်ပါတယ်။

မေး - ဒီ ယူ-၂၁ ပြိုင်ပွဲ ပြီးတဲ့အခါမှီာအသင်းကို ဆက်ကိုင်တွယ်မှာလား။ ဒါမှမဟုတ် ယူ-၁၆ အသင်းကို ပြန်ကိုင်တွယ်မှာလား သိချင်ပါတယ်။
ဖြေ - ဥက္ကဌက ဒီ ယူ-၂၁ အသင်းကို ကိုယ်ခိုင်းတဲ့အတွက် ယာယီကူညီပေးတာပါ။ ကျွန်တော့်ရဲ့ အဓိက အလုပ်က လာမယ့် ၂၀၁၉ မှာ ယူ-၁၇ ကမ္ဘာ့ဖလား မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အဲဒီ့အတွက်ကြောင့် ဒီအခု ယူ-၂၁ ပြိုင်ပွဲအပြီးမှာ ယူ-၁၄၊ ယူ-၁၅ က ကစားသမားလေးတွေကို စုပြီး အသင်းတည်ဆောက်မယ်။ ပြီးရင် ၁၈ နှစ်အောက် လိဂ်-၂ လူငယ်ပြိုင်ပွဲမှာ ၀င်ပြိုင်မယ်။ ကစားသမားတွေ အတွေ့အကြုံရအောင် ပြိုင်မှာပါ။ အစီအစဉ်တွေ အားလုံးချထားပြီးသားပါ။ အဓိက အဖွဲ့ချုပ်နဲ့ သဘောတူထားတာက ဒီလိုမျိုး လူငယ်အသင်းအတွက်ရော၊ လူငယ်စီမံကိန်းအတွက်ပါ လုပ်ပေးဖို့ပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Credit : Hyper Sports
Powered by Blogger.