မင်းသုံးပါး ရာဇဝင်အကျဉ်း

Add caption
အနော်ရထာမင်း၊ ဘုရင့်နောင်မင်း နှင့် အလောင်းမင်းတရားကြီး တို့သည် ကျယ်ပြန့်သော မြန်မာဧကရာဇ်လက်နက်နိုင်ငံတော် ကို သူ့ခေတ်သူ့အခါအလျောက် တည်ထောင်နိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ ၄င်းတို့၏ လုပ်ဆောင်ချက်များကို အနှစ်ချုပ်တင်ပြရမည်ဆိုလျှင်...
( ၁ ) အနော်ရထာ
အနိရုဒ္ဓဒေဝ ဟု ပုဂံခေတ်အုတ်ခွက်စာများတွင် တွေ့ရသည်။ ဖခင်မှာ ကွမ်းဆော်ကြောင်ဖြူမင်း ဖြစ်ပြီး မိခင်မှာ မြောက်ပြင်သည်မိဖုရားဖြစ်သည်။ အရွယ်ရောက်သည့်အခါ ဖအေတူမအေကွဲ နောင်တော်စုက္ကတေးမင်းက မိခင်ကို သိမ်းပိုက်ကာ ရန်စစော်ကားသဖြင့် ပုပ္ပားအရပ်တွင် လူသူစုဆောင်းကာ ပုန်ကန်သည်။
သြဂုတ်လ ၁၁ ရက် ၁၀၄၄ ခုနှစ်တွင် စုက္ကတေးမင်းကို မြင်းစီးချင်းထိုး အနိုင်ယူခဲ့သည်။ ဘုရင်အဖြစ် ရယူပြီးနောက် ရှင်အရဟံ၏ အဆုံးအမဖြင့် အရည်းကြီးအယူဝါဒကို ဖယ်ရှားကာ ပုဂံပြည်သားတို့အား ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ဆည်းကပ်စေခဲ့သည်။ ဇော်ဂျီမြစ်၊ စမုံမြစ်၊ ပန်းလောင်မြစ်တို့ပေါ်တွင် ဆည်များဆောက်ကာ စိုက်ပျိုးရေးကို အားပေးခဲ့သည်။ အိမ်နီးချင်းနိုင်ငံများကို စစ်ရေးအရ အင်အားပြနိုင်ခဲ့သည်။ နန်းစံသက် ၃၃ နှစ်အရတွင် ၄င်း၏အမိန့်များကိုမနာခံခဲ့သဖြင့် အပြစ်ပေးခြင်းခံရသူများက မကျေနပ်ဘဲ ကျွဲရုပ်ပါသော အလံတံခွန်များကို ကိုင်ဆောင်ကာ ခြုံခိုတိုက်ခိုက်သောကြောင့် အလောင်းတော်ပင် ပြန်မရဘဲ နတ်ရွာစံခဲ့သည်။
ရှေ့မင်း - စုက္ကတေး ( အစ်ကိုဝမ်းကွဲ )
ဆက်ခံသည့်မင်း - စောလူးမင်း ( သား )
( ၂ ) ဘုရင့်နောင်
ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သာမန်အသည်သားမျိုးရိုးမှဆင်းသက်လာသူဖြစ်သော်လည်း ၄င်း၏မိခင်မှာ တပင်ရွှေထီး၏နို့ထိန်း အဖြစ် ရွေးချယ်ခံရသဖြင့် ငယ်စဉ်ကပင် ကေတုမတီနန်းတော်သို့ ရောက်ရှိခဲ့သည်။ တပင်ရွှေထီးနှင့်အတူ တောင်ငူဧကရာဇ်နိုင်ငံတော်ကြီးကို တည်ထောင်ရန်ကြိုးပမ်းခဲ့ပြီး တပင်ရွှေထီး နတ်ရွာစံသွားသည့်အခါ မိမိကိုယ်တိုင်ခေါင်းဆောင်နေရာဝင်ယူ၍ ဒေသခံပဒေသရာဇ်များကို စည်းရုံးခဲ့သည်။ အယုဒ္ဓယ(ထိုင်း) လင်းဇင်း (လာအို) တို့ကိုပါသိမ်းသွင်းနိုင်ခဲ့ပြီး ၁၆ရာစုတွင် အရှေ့တောင်အာရှ၏ အင်အားအကြီးဆုံး စစ်တပ်ကြီးကိုပိုင်ဆိုင်ခဲ့သည်။ ရခိုင်ကို စစ်ချီတက်ရန် ပြင်ဆင်နေစဉ် ရုတ်တရက်ဖျားကာ တန်ဆောင်မုန်းလပြည့်နေ့တွင် နတ်ရွာစံသည်။
ရှေ့မင်း - တပင်ရွှေထီး ( ယောက်ဖ )
ဆက်ခံသည့်မင်း - နန္ဒဘုရင် ( သား )
( ၃ ) အလောင်းမင်းတရားကြီး
ညောင်ရမ်းမင်းဆက်ကို ဟံသာဝတီသားတို့ ဖြုတ်ချပြီးနောက် ယိမ်းယိုင်နေသော ဗမာ့ဦးစွန်းကို ဝါးရင်းတုတ်နှင့် ထန်းလုံးခံတပ်ကို အသုံးချကာ ပြန်လည်တည့်မတ်ပေးခဲ့သူဖြစ်သည်။ သာမန်ရွာသူကြီးအဆင့်မှ ဘုရင်ဖြစ်လာသူဖြစ်သည်။ အင်္ဂလိပ်နှင့်ပြင်သစ်တို့က ခြေကုပ်ယူရန်ကြိုးစားလာခြင်းကို ချေမှုန်းခဲ့ပြီး ဘုရင့်နောင်အလွန်တွင် ဆုံးရှုံးခဲ့သော တနင်္သာရီဒေသကို ယိုးဒယားလက်မှ ပြန်လည်ရယူပေးခဲ့သည်။ ရက်စက်သည်ဟု မှတ်တမ်းများတွင်တွေ့ရသော်လည်း ဆိုးရွားနေသော နိုင်ငံရေးအခြေအနေ၊ခြေကုပ်ယူရန်ကြိုးပမ်းနေသော ဥရောပသားများနှင့်ဆက်ဆံရေး၊ တည်ငြိမ်မှုကင်းမဲ့နေသော ခေတ်ကာလတွင် အကြမ်းကိုင်သင့်သဖြင့်သာ ကိုင်ခဲ့ခြင်းဖြစ်နိုင်သည်။ ထားဝယ်ကို ထိပါးလာသော ယိုးဒယားတို့ကို အမြစ်ပြတ်ချေမှုန်းရန် စစ်ချီခဲ့သည်။ မြို့ကိုသိမ်းနိုင်မည့်ဆဲဆဲတွင် နေမကောင်းသဖြင့်ပြန်လာရင်း မွန်ပြည်နယ်တွင်းသို့အရောက်တွင် နတ်ရွာစံသည်။
ရှေ့မင်း - သူသာပထမဆုံးဖြစ်
ဆက်ခံသည့်မင်း - နောင်တော်ကြီးမင်း ( သား )
ပဉ္စမံကြောင်
Powered by Blogger.