အင်းဝဘုရင် သတိုးမင်းစော

အင်းဝဘုရင် သတိုးမင်းစောသည် ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းကြီး၏ အငယ်ဆုံး ညီတော်ဖြစ်သည်။ ( သူ၏ငယ်မည်မှာ ဇေယျနန္ဒ ဖြစ်ပြီး ကေတုမတီထီးနန်း၏ လက်ရုံးဆန့်တန်းသော တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ရသည်။ )

တပင်ရွှေထီး လုပ်ကြံခံရသော အခါ တစ်နိုင်ငံလုံး ၀ါးအစည်းပြေသကဲ့သို့ အကွဲအကွဲအပြားပြား ဖြစ်သွားခဲ့သည်။ ထိုစဉ်က ဒလဘက်သို့ တာဝန်ဖြင့်ရောက်နေသော ဘုရင့်နောင်ကိုလည်း မြို့တံခါးများပိတ်ကာ ပုန်ကန်ကြသည်။

သို့သော် ဘုရင့်နောင်သည် မိမိ၏ အစွမ်းဖြင့် ပိတ်ထားသော မြို့တံခါးများကို တစ်ချပ်ပြီး တစ်ချပ်ပွင့်စေကာ ကောက်သင်းကောက်သကဲ့သို့ ပြန်လည် စုစည်းခဲ့သည်။ ( မြို့သိမ်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတိုင်းတွင် သတိုးမင်းစောသည် ဘုရင့်နောင်၏ နောက်တော်တွင် အစဉ်လိုက်ပါခဲ့သည်။ )

ထို့ကြောင့် ဘုရင့်နောင်သည် ပုန်ကန်သူများကို နှိမ်နင်းပြီး ဟံသာဝတီထီးနန်းကိုရရှိသည့်အခါ ညီတော်ကို အင်းဝဘုရင်အဖြစ်ခန့်အပ်ခဲ့သည်။

ဘုရင့်နောင်မင်းအဖြစ်ကို ရရှိပြီးနောက် ယိုးဒယားနှင့် လင်းဇင်း ( လာအို ) ဒေသများသို့ နယ်ပယ်ချဲ့ထွင်သည့် စစ်ပွဲများတွင်လည်း သတိုးမင်းစော လိုက်ပါခဲ့သည်သာ ဖြစ်သည်။

လင်းဇင်းပြည် မိုင်းစံမြို့ကို တိုက်ရာတွင် သတိုးမင်းစော သည် ဆင်တော်သန်မြင်စွာကို စီးကာ အရှေ့ဘက်မြို့တံခါးကို ထိုးဖောက်ရန်ကြိုးစားခဲ့သည်။ ( မြို့ထိပ်မှ လင်းဇင်းတပ်သားများက လှံဖြင့် ပစ်ပေါက်ရာ သတိုးမင်းစော၏ ပေါင်ကို ထုတ်ချင်းခတ် ပေါက်သည့်အပြင် တိုက်ဆင်သန်မြင်စွာ၏ ကိုယ်ထဲသို့ပါ လက်သုံးလုံးခန့် နစ်ဝင်သွားသည် ဆို၏ )

စစ်သွေးစစ်မာန်ပြည့်ဝသော သတိုးမင်းစောသည် ပေါင်ကိုစူးသော လှံကို မနုတ်ဘဲ ကုန်းလယ်စီးထံမှ ဓါးတစ်ချောင်းလှမ်းတောင်းကာ လှံအရိုးကို ခုတ်ဖြတ်ပစ်သည်။

ထို့နောက် ဆက်လက်၍ ကွပ်ကဲတိုက်ခိုက်ရာ အရှေ့ဘက်မြို့တံခါး ပေါက်သွားပြီး မိုင်းစံမြို့အလုံးကို ဟံသာဝတီတပ်များသိမ်းယူရရှိသည်။

မြို့ကိုအောင်မြင်စွာ ရရှိပြီးနောက် ဘုရင့်နောင်က စစ်ရေးညီလာခံတွင် မိုင်းစံမြို့ကို ထွင်းဖောက်သူ မှာ မည်သူနည်းဟု မေးသောအခါ သားတော် ဥပရာဇာအပါအ၀င် ဗိုလ်မှူး တပ်မှူးများက မိမိတို့ဖြစ်ကြောင်း အသီးအသီးလျှောက်တင်ကြလေ၏။ (ပေါင်တွင် ပတ်တီးစည်းထားသော သတိုးမင်းစောက ပြုံး၍သာ နေလေ၏။)

ထိုအခါ ဘုရင့်နောင်က သတိုးမင်းစောကို ကြည့်ပြီးနောက်-

- " ယခုမိုင်းစံအောင်ပွဲသည် မည်သူ့ပွဲနည်း "

- " သားတော်ဥပရာဇာအပါအ၀င် စစ်သူကြီးမင်းအပေါင်းက သူတို့ပွဲဟုသာ ဆိုနေကြသည် ဖြစ်ရာ အထူးအထွေမပြောလိုပါဘုရား။ စစ်ပွဲမှရရှိသည့် လင်းဇင်းသုံ့ပန်းများကို ခေါ်ယူ စစ်မေးစေလိုကြောင်းပါ။ "

ထိုအခါ ဘုရင့်နောင်သည် လင်းဇင်းသုံ့ပန်းများကို စစ်မေးစေရာ လင်းဇင်းသားများက မိမိတို့မြို့ကို ပေါက်အောင်တိုက်သူမှာ အသားညိုညို နှာယောင်စင်းစင်းနှင့် ဆင်နီကြီးကို စီးထားသူဖြစ်ကြောင်း ပြောလေ၏။

မြင်လျှင်မှတ်မိကြောင်းပါဟု ပြောကြားသဖြင့် ညီလာခံသို့ ခေါ်ပြရာ အားလုံးမှာ နန်းဝတ်သိုရင်းအကျီ ပိုးတောင်ရှည်များဝတ်ထားသဖြင့် လင်းဇင်းသားတို့က " အရှင့် ညီတော်သားတော်များမှာ ရုပ်ချင်းဆင်ကြသည့်အပြင် အဆောင်အယောင်များကြောင့် ခွဲမရအောင်ဖြစ်ရပါသည်။ ထိုနေ့ကအတိုင်း ဝတ်ဆင်ပါမှ ခွဲခြားပြနိုင်ပါမည် " ဟုလျှောက်ကြလေ၏။

ထိုအခါဘုရင့်နောင်သည် သားတော်ဥပရာဇာအပါအ၀င် စစ်ကဲဗိုလ်မင်းများကို တိုက်ပွဲဝင် ၀တ်စုံများ ၀တ်၍ ထိုစဉ်က စီးခဲ့သော ဆင်များကို စီးလာကြစေ ဟု မိန့်လေ၏။ လင်းဇင်းသုံ့ပန်းများကိုလည်း ကွင်းပြင်သို့ ခေါ်လာစေ၏။

စစ်ရေးပြကွင်းသို့ တိုက်ဆင်စီး၍ ဦးစွာဝင်ရောက်လာသူမှာ အိမ်ရှေ့ဥပရာဇာ နန္ဒမင်းသား ဖြစ်သည်။ တာဝန်ရှိတပ်သားများက လင်းဇင်းသုံ့ပန်းများကို မေးသောအခါ လင်းဇင်းသားများက ခေါင်းကို တွင်တွင် ခါကြသည်။

ထို့နောက် ပြည်စား သတိုးဓမ္မရာဇာ၊ တောင်ငူစား မင်းခေါင် စသည်ဖြင့် အသီးသီးဝင်ရောက်လာကြသည်။ လင်းဇင်းသားတို့က ခေါင်းကို ခါမြဲပင်။

နောက်ဆုံးတွင် အင်းဝစား သတိုးမင်းစောသည် ဆင်တော် သန်မြင်စွာကို ဆုန်းတွေးတွေး ( ဆေးနီနီရဲရဲ ) သုတ်ကာ လှံရှည်ကို ၀င့်လျက် ၀င်လာသည်တွင် လင်းဇင်းသားတို့သည် ထိုသူပါဟုပင် မပြောဝံ့ကြဘဲ နီးစပ်ရာအကာအကွယ်သို့ ပြေးဝင်ပုန်းကြလေ၏။

ထိုအဖြစ်ကို မြင်သောအခါ ဘုရင့်နောင်သည် လွန်စွာ အားရတော်မူပြီး" မောင်အင်းဝ မင်းပွဲပါပေ " ဟုရေရွတ်ကာ ညီတော်ကို ဆုလာဘ်များစွာ ချီးမြှင့်လေ၏။

သတ္တိရှိသော သတိုးမင်းစောသည် ဤသို့ သူရသတ္တိအရာတွင် ပြောင်မြောက်သော်လည်း သူ၏ဘ၀နိဂုံးမှာမူ ၀မ်းနည်းဖွယ်ကောင်းလှသည်။

သတိုးမင်းစော၏ သမီးတော် နတ်ရှင်မယ်ကို ဘုရင့်နောင်၏ မြေးတော် မင်းကြီးစွာ နှင့် ထိမ်းမြားလက်ထပ်ကာ ဆွေမျိုးချင်းသွေးနီး စေခဲ့သည်။

သို့သော် မင်းကြီးစွာသည် နတ်ရှင်မယ်ကို ပစ်ထားကာ အရီးတော် ဓာတုကလျာထံသို့သာ သွားရောက်၍ မိမိ၏ မေတ္တာကို လက်ခံပါမည့်အကြောင်း တောင်းဆိုနေခဲ့သည်။

သည်းမခံနိုင်သော နတ်ရှင်မယ်သည် မင်းကြီးစွာအား အချေအတင်ပြောကြားရင်း ရန်ဖြစ်ကြရာ မင်းကြီးစွာက နတ်ရှင်မယ်၏ ပခုံးကို ဆောင့်တွန်းလိုက်သဖြင့် သလွန်စောင်းနှင့် နဖူးထိကာ သွေးဖြာဖြာ ကျလာလေ၏။

ရှက်လည်းရှက်၊ ဒေါသလည်းထွက်သော နတ်ရှင်မယ်သည်

- " သြော် ဒင်းက ငါ့ကို သွေးမြေကျအောင် လုပ်တယ်။ ငါက ဒင်းတို့ ဟံသာဝတီကို သွေးချောင်းစီးစေရမယ် " ဟု ကြိမ်းဝါးကာ နဖူးမှသွေးတို့ကို ၀တ်လဲတော်ဖြင့်သုတ်၍ ထိုဝတ်လဲကို ကျည်တောက်ဖြင့်ထည့်ကာ တံဆိပ်လက်ရာခတ်၍ အင်းဝသို့ပို့လေ၏။

ထိုအဖြစ်ကို သတိုးမင်းစောသိလျှင် သမီးတော်အတွက် သနားစိတ်၊ ဒေါသစိတ်တို့ ဖြစ်လေ၏။ ပုန်ကန်ရန်ကြံသော်လည်း ဟံသာဝတီစစ်အင်အားမှာ ထီးဆောင်းမင်းအပေါင်းတို့၏ စစ်အင်အားများဖြင့် လွန်စွာကြီးမားလှသဖြင့် စိတ်ကို လျှော့ရန် ကြံလေ၏။

ထိုအခါ အင်းဝမိဖုရားက

- " မောင်တော်ရယ်...သွေးနည်းလိုက်တာ။ ဟံသာဝတီကို ခြားနားဖို့ ရှမ်းပြည်စော်ဘွားတွေကို အကူအညီတောင်းပါတော့လား။ တောင်ငူတို့ ပြည်တို့ ဇင်းမယ်တို့ကိုလည်း မဟာမိတ်ဖွဲ့ပါတော့လား။ သြော်။ ငါဟာလေ... အဖကောင်းသမီး၊ မောင်ကောင်းနှမ ဖြစ်ပေမယ့် လင်ကောင်းမယားတော့ မဖြစ်ရရှာပါလား။ သမီးတော်လေးကိုလည်း သနားလိုက်တာ " စသဖြင့် ၀င်ရောက်သွေးထိုးလေ၏။

( အင်းဝမိဖုရားသည် ဘုရင့်နောင်၏ သမီးတော်ဖြစ်ပြီး နန္ဒဘုရင်၏ အစ်မတော်လည်း ဖြစ်သည်။ ထို့ကြောင့် အဖကောင်းသမီး၊ မောင်ကောင်းနှမ ဟု ဆိုခြင်းဖြစ်သည်။ )

အင်းဝဘုရင် သတိုးမင်းစောသည် ထိုစကားကို မခံနိုင်ဖြစ်ကာ ဟံသာဝတီကို စစ်ကြေညာလေ၏။

ဟံသာဝတီနန္ဒဘုရင်သည် ထိုကိစ္စကို ပုံကြီးချဲ့ကာ တစ်နိုင်ငံလုံးမှ လက်အောက်ခံ ထီးဆောင်းမင်းများအပြင် ယိုးဒယားထိပါ စစ်ကူလှမ်းခေါ်ပြီး အင်းဝကို ချီလာလေ၏။

ရှမ်းပြည်မှ စစ်ကူများလည်း မလာ။ ပြည်၊တောင်ငူ၊ ဇင်းမယ်တို့ကလည်း ဟံသာဝတီနှင့် သစ္စာမြဲကြကြောင်းသိလျှင် အင်အားချင်းမယှဉ်သာသော အင်းဝသတိုးမင်းစောသည် စီးချင်းထိုးရန်သာ ကြံရွယ်တော့သည်။

ထို့ကြောင့် ဟံသာဝတီ နန္ဒဘုရင်နှင့် ပင်းယမြို့အနီးတွင် တွေ့ဆုံကာ စီးချင်းထိုးရန် ပြင်ဆင်ကြသည်။

နန္ဒဘုရင်က တိုက်ဆင်တော် စောရန်နင်း ကို စီးကာ တိုက်သည်။ သတိုးမင်းစောက ဆင်တော် ပေါက်လှပြောင်မွန် ကို စီးကာ တိုက်သည်။

နှစ်ဖက်သား အင်အားချင်း ညီကြသည့်ပွဲဖြစ်ရာ နောက်တော်ပါများ အသည်းတယားယားနှင့် ကြည့်နေကြရလေ၏။ ( တစ်ချီတွင် နန္ဒဘုရင်၏ ဆင်တော်စောရန်နင်း ကို အင်းဝသတိုးမင်းစော ဆင်တော်က အစွယ်ချင်းကျွံအောင် ထိုးမိလေ၏။ )

ထို့ကြောင့် တိုက်ပွဲခဏရပ်ကာ နန္ဒဘုရင်သည် အခြားတိုက်ဆင်ပေါ်ပြောင်းတက်လေ၏။ ( ဒဏ်ရာရသွားသော ဆင်တော်စောရန်နင်းမှာ တဆတ်ဆတ်တုန်ကာ မကြာမီအသက်ပျောက်သည်ဆို၏။ )

နန္ဒဘုရင် အခြားဆင်ပြောင်းစီးစဉ် အင်းဝတပ်သားများက သတိုးမင်းစောကိုလည်း ဆင်ပြောင်းရန် လျှောက်တင်ကြသည်။ ( ခေါင်းမာသော အင်းဝမင်းသည် မောပန်းနေသော ဆင်တော်ကိုသာ ဆက်လက်စီးနင်းကာ တိုက်ရန်ကြံလေ၏။ )

ဒုတိယအချီတွင်မူ ဆင်အသစ်စီးထားသော နန္ဒဘုရင်က လျင်လျင်မြန်မြန် ထိုးခုတ်တိုက်ခိုက်တော့သည်။ သတိုးမင်းစောသည် မောပန်းနေသော ဆင်တော်ကို ညှာနေရသဖြင့် ထင်သလောက်မတိုက်နိုင်တော့ချေ။

ထို့ကြောင့် တိုက်ဆင်လဲရန် အချက်ပြကာ ဆင်ပေါ်မှ ဆင်းသည်။ နန္ဒဘုရင်ကလည်း မိမိ၏ဆင်ကို နောက်ဆုတ်ပေးသည်။

သို့သော်ထိုသို့ နောက်ဆုတ်ပေးသည်မှာ မြေပြင်ပေါ်ရောက်နေသော အင်းဝဘုရင်ကို နင်းသတ်ရန် အရှိန်ယူခြင်းသာ ဖြစ်သည်။ ( နန္ဒဘုရင် စည်းကမ်းဖောက်ဖျက်ချေပြီ )

သတိုးမင်းစောသည် မိမိထံပြေးဝင်လာသော နန္ဒဘုရင်၏ တိုက်ဆင်ကို မြင်သောအခါ မျက်လုံးများပင် ပြာဝေသွားသည်။ ( ရုတ်တရက်ဆိုသလို အနီးမှ မြင်းတစ်စီးပေါ်တက်ကာ တပ်များကို ဆုတ်ခွာစေရတော့သည်။ )

နန္ဒဘုရင်သည် သတိုးမင်းစောကို တံတားဦးအရပ်တိုင် လိုက်လံတိုက်ခိုက်သည်။ ( သတိုးမင်းစောသည် ဧရာဝတီမြစ်ကို ဖြတ်ကာ ထွက်ပြေးရရှာသည်။ )

ထို့နောက်တွင်မူ သတိုးမင်းစောသည် တရုတ်ပြည် ဥတည်ဘွားထံမှ အကူအညီတောင်းမည် ဟုကြံရွယ်ကာ အထက်သို့ ချီတက်သွားစဉ် ခန္တီးမြို့ အရောက်တွင် အဖျားရောဂါဖြင့် အနိစ္စရောက်သွားသည်။ ( သမီးတော်၏ အရှက်အတွက် စစ်ဖက်ပြိုင်ရင်း ရေတိမ်နစ်ရရှာသူဖြစ်သည်။ )

အကယ်၍သာ နန္ဒဘုရင်သည် မိမိ၏ ဦးလေးတော်သူလည်းဖြစ်၊ ယောက်ဖတော်သူလည်းဖြစ်၊ ခမည်းခမက်တော်သူလည်း ဖြစ်သော သတိုးမင်းစောကို စစ်မက်မခင်းဘဲ အကြည်အသာ ဖြေရှင်းနိုင်ခဲ့ပါက တောင်ငူအင်ပါယာသည် ကာလကြာရှည်တည်မြဲနိုင်ပေလိမ့်မည်။

အကြောင်းမှာ အင်းဝသတိုးမင်းစော ပုန်ကန်မှုအပေါ် ယိုးဒယားတို့က နိုင်ငံရေးအရရော စစ်ရေးအရပါ အမြတ်ထုတ်သွားနိုင်ခဲ့ပြီး နောက်ဆုံးတွင် တောင်ငူအင်ပါယာကြီးတစ်ခုလုံး ကွဲထွက်သွားကာ ရာစုနှစ်တစ်ခုတိုင်အောင် စုစည်းရန်ခက်ခဲသည်အထိ ဖြစ်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

ပဉ္စမံ ကြောင်
Powered by Blogger.